လောင်းကစားဝန်ကြီးချုပ် လုံးဝပြုတ်ပြီ

ဓာတ်ပုံ- ရာမညမြေ
ပုံစာ- ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း

မွန်ပြည်နယ်ကို လောင်းကစားဇာတ်သွင်းကာ လိုင်းကြေးယူခဲ့သည့် တရားမဝင်ဝန်ကြီးချုပ် အောင် ကြည်သိန်း လုံးဝပြုတ်ပြီဖြစ်ကြောင်း သိရသည်။

လောင်းကစားဝန်ကြီးချုပ် အောင်ကြည်သိန်းက ဝန်ကြီးတစ်နေရာပေးသနားရန် နေပြည်တော်စစ် ဗိုလ်ချုပ်တို့ထံ အသနားခံခဲ့သော်လည်း ယနေ့ ထွက်ပေါ်လာသော တရားမဝင်မွန်ပြည်နယ်အစိုးရ အဖွဲ့စာရင်းတွင် အောင်ကြည်သိန်းအမည်ပါမလာခဲ့ပေ။

“လုံးဝပွဲပြီးသွားပါပြီ။ဝန်ကြီးချုပ်ဘဝတုန်းက ထင်ရာစိုင်းခဲ့တဲ့ကောင် အခု လွှတ်တော်အမတ်ဘဝနဲ့ အိပ်ငိုက်ဖို့ပဲ ရှိတော့တယ်။မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေ ထောင်ခဲ့တယ်ဆိုတဲ့ သမိုင်းဆိုးနဲ့ အောင်ကြည်သိန်း ပွဲပြီးသွားပါပြီ”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။

ယနေ့ တရားမဝင် မွန်လွှတ်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်တရားမဝင်ဝန် ကြီးချုပ် အောင်ဝင်းသန်းက တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့စာရင်း တင်ပြခဲ့ရာ ထားရာနေ စေ ရာသွား ပေးတာယူဘဝဖြင့် စစ်အုပ်စုအလိုကျ လိုက်နာဆောင်ရွက်သည့် မွန်ညီညွတ်ရေးပါတီမှ အမတ်၂ဦး ဝန်ကြီးနေရာရရှိခဲ့သည်။

“အောင်ကြည်သိန်းတပည့်တွေက အခုအချိန်ထိ မလျှော့သေးဘူး။ သူတို့အဘ ပြည်ထောင်စုဝန်ကြီး တစ်နေရာ ရဖို့ရှိတယ်ချည်း ပြောနေတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များမှာ အောင်ဝင်းသန်း (ဝန်ကြီးချုပ်)၊ကျော်စွာမြင့် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)၊နိုင်လယိတမ (စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)၊ တင်ဇော်ထွန်း (လူမှုရေးရာဝန်ကြီး)၊မင်းဇေယျာဦး (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး)၊မင်းမြင့်မောင်လေး (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ မိလဝီဟန် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး)၊ ဒေါက်တာအောင်မြတ်ကျော်စိန် (စည်ပင်သာယာရေးဝန်ကြီး)၊မျိုးမင်းလှိုင် (ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ချစ်သိန်း (ပအို့ဝ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)နှင့် စောအောင်ကျော်သိန်း (ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)တို့ဖြစ်သည်။

ဝန်ကြီးချုပ်ပြုတ်အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌဖြစ်ပြီး တရားမဝင်ရွေးကောက်ပွဲကို ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။