နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အရေးတော်ပုံအောင်နိုင်ရေးအတွက် Blue Shirt ကမ်ပိန်းကို ယနေ့မှစတင်ကာ ၁၂ ရက်ကြာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
လာမည့် ဧပြီ၂၁ရက်သည်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ် ပြည့်ဖြစ်ပြီး သမ္မတကြီး ဦးဝင်းမြင့် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် အရေးတော်ပုံအောင်နိုင်ရေးအတွက် ယနေ့(ဧပြီ ၁၀ ရက်)မှ ဧပြီ ၂၁ ရက်အထိ ၁၂ ရက်ကြာ Blue Shirt Campaign လူထုလှုပ်ရှားမှုကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူတို့က အွန်လိုင်းနှင့်မြေပြင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်PPNMက ယနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်ထား သည်။
“ကျမတို့ Blue Shirt Movement Myanmar ကနေမှ သတင်းစကားပေးချင်တာလေးရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် အင်္ကျီအပြာတွေကို ဝတ်ဆင်ပြီးတော့ ဧပြီ ၂၁ မှာ လူထုအင်အားနဲ့အတူတူ လွတ်မြောက်ရေးအတွက် အားလုံးပါဝင်ကြိုးစားကြမှာဖြစ်ပါတယ်ရှင့်။ ကျမတို့ရဲ့ Slogan ကတော့ “နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အားလုံးပါဝင် ကြိုးစားပေး”ပဲ ဖြစ်ပါတယ်ရှင့်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ဦးဆောင်ကော်မတီ မရောင်နီလင်းက MPA သို့ပြောသည်။
အကျဉ်းထောင်များအတွင်း မတရားထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြာရောင်အဝတ်အစားများ ဝတ်ဆင်၍ ရိုက်ကူးထားသည့် ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို ကမ်ပိန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသော Campaign Hashtag များအသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာများပေါ် မျှဝေပြီး မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဘက်များပါ ကမ်ပိန်းတွင် ပါဝင်စေရန် ဖိတ်ခေါ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေး ကြရန် နှိုးဆော်ထားသည်။
ထို့အပြင် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့်အတွက် ယင်းလှုပ်ရှား မှုတွင် ပြည်သူလူထုအားလုံးအနေဖြင့် တခဲနက် ပါဝင်ကြရန်လည်း တိုက်တွန်းထားသေးသည်။
ယင်းလှုပ်ရှားမှုကို ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု ၊အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင် အားစု (GSCB) ၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA) ၊ နွေဦးတမာန်-နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (NOTM) ၊ ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့) ၊ မြန်မာ့ အကျဉ်းထောင်သက်သေ (MPW) ၊ နိုင်ငံရေးအကျဉ်းသားများတရားမျှတမှုကွန်ရက် (JNPP) ၊ ထား ဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၊ ပဲခူးယူနှစ်ဖက်ဒ ရယ်အင်အားစု (BUFF)၊ Politics for Women Myanmar ၊ Loveurcontent Entertainment ၊ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)၊ New Myanmar Foundation (NMF) ၊ Women Lead Resource Center (WLRC) ၊ Magway Region Human Rights Network ( MHRN) ၊ Youth Empowerment (YE) ၊ Generation Wave ၊ သမိုင်းသယ်ဆောင်သူများ ၊ Yangon Deaf Group (YDG)၊ မြန်မာနိုင်ငံ သူနာပြု သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (SULMNMTS) ၊ သူနာပြုသင်တန်းကျောင်းမန္တလေးကျောင်းသားများသမဂ္ဂ (NTS_MDYSU) ၊ Anti-junta Forces Coordination Committee – Mandalay ၊ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ ၊ People Movement Platform Myanmar ၊ Burma Fact Check Community (FNCC)၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ၊ Defend Myanmar Democracy-DMD ၊ India For Myanmar (I4M)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တို့က ပူးပေါင်းဆင်နွှဲနေကြောင်း သိရသည်။
