ဒုတိယစစ်ခေါင်းဆောင်အဖြစ်မှ အငြိမ်းစားဘဝသို့ သက်ဆင်းအပယ်ခံလိုက်ရသည့် စိုးဝင်းမှာ တရားမဝင်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဌအဖြစ် ခန့်အပ် ချွေးသိမ့်ခြင်းခံလိုက်ရသည်။
၁၁ဦးပါဝင်သော တရားမဝင်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် စိုးဝင်းက ဥက္ကဌ၊ အငြိမ်းစားဗိုလ် ချုပ်ကြီးမောင်မောင်အေးက အတွင်းရေးမှူးဖြစ်ကာ အဖွဲ့ဝင်များအဖြစ် စစ်ကောင်စီလက်ထက် စစ်ကောင်စီအဖွဲ့ဝင်နှင့် ဝန်ကြီးများအပြင် ကြံ့ဖွံ့ကိုပင် ရှုံးနိမ့်ခဲ့သည့် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီး လည်း ပါဝင်သည်။
“အတိုင်ပင်ခံကောင်စီ လူစာရင်းကို ကြည့်လိုက်တော့ အားလုံးလိုလိုက အပယ်ခံတွေချည်းပါပဲ။ မင်း အောင်လှိုင်က သူ ဆက်မသုံးလိုတော့တဲ့လူတွေကို အတိုင်ပင်ခံဆိုပြီး ချိုချဉ်ကျွေးလိုက်တာ”ဟု ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဒုဝန်ကြီး ဇော်အေးမောင်၊ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒွဲဘူတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တရားမဝင် ၂၀၂၅ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက မထင်မရှားအ မတ်လောင်းကိုပင် ရှုံးနိမ့်ခဲ့သည့် ကိုကိုကြီးနှင့် ချိုချိုကျော်ငြိမ်းတို့လည်း အဖွဲ့ဝင်ဖြစ်လာသည်။
“ကိုကိုကြီးကတော့ နိုင်ငံရေးဟီရိဩတပ္ပတရားမရှိတာကြာပြီဆိုတော့ ရွေးကောက်ပွဲရှုံးတာတောင် မင်းအောင်လှိုင်ပစ်ကျွေးတဲ့ အရိုးအရင်းကိုက်ရဲတာ မဆန်းဘူး။ချိုချိုကျော်ငြိမ်းကျတော့ အသက်ကြီး မှ မိုက်လုံးကြီး အာဏာရူးတာ။အဖေကို အရှက်ခွဲတာ”ဟု ၁၉၉၀ကျော်ကာလ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။
ချိုချိုကျော်ငြိမ်း၏ ဖခင် ဦးကျော်ငြိမ်းသည် ဖဆပလခေတ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒုဝန် ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည်။
