ပွဲစားများကို ငွေကြေးအမြောက်အမြားပေးကာ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသား ၈၀ ကျော်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာခရိုင် ၊ နာမွန်မြို့နယ် ရှိ တောအတွင်း၌ ပုန်းအောင်းနေစဉ် ထိုင်းအာဏာပိုင်များက ဧပြီ ၉ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
တောင်ခြေတစ်ခုရှိ တောအုပ်အတွင်း၌ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများရှိနေကြောင်း ရွာသားများက သတင်းပေးပို့ပြီးနောက် အမျိုးသားနှင့် အမျိုးသမီးများပါဝင်သည့် အဆိုပါလူအုပ်စုကို မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Berita Harian သတင်းတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းအခြေချသူ တစ်ဦးလျှင် မလေးရှားတွင် အလုပ်အကိုင်ရရှိရန် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၇၉,၀၀၀ (မလေးရှားရင်းဂစ် ၁၀,၃၀၀ ခန့်) မှ ၁၅၀,၀၀၀ (မလေးရှားရင်းဂစ် ၂၀,၂၀၀ ခန့်) အထိ ပေးချေခဲ့ရသည်ဟုဆိုသည်။
ထိုင်းလုံခြုံရေးအဖွဲ့များ ရောက်ရှိလာစဉ် ၎င်းတို့သည် ချုံပုတ်များထဲတွင် ပုန်းအောင်းနေခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တချို့က သစ်ပင်အောက်တွေမှာ မိုးကာစတွေနဲ့ ယာယီတဲထိုးပြီး နေနေကြတာပါ။ စစ်ဆေးကြည့်တဲ့အခါ သူတို့ဆီမှာ တရားဝင် ခရီးသွားလာခွင့် အထောက်အထား တစ်ခုမှ မရှိတာကို တွေ့ရပါတယ်” ဟု အဆိုပါ အရာရှိက ပြောကြားသည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားအားလုံးကို ထိန်းသိမ်းထားပြီး မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးတို့ကို လုပ်ဆောင်ထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော ၆ ရက်ခန့်က မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောကြားကြသည်။
“သူတို့ဟာ ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်က ဘုရားသုံးဆူတောင်ကြား (Three Pagodas Pass) အနီးက တရားမဝင်လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာပြီးမှ အဆင့်ဆင့် သယ်ယူပို့ဆောင်ခံရတာလို့ ယူဆရပါတယ်။
“အာဏာပိုင်တွေရဲ့ အယူအဆအရ ဒီလူတွေကို ခြောက်ဘီးကားအလုံပိတ်တွေ၊ လေးဘီး ကား (4WD) တွေနဲ့ သယ်ဆောင်လာပြီး ဖမ်းဆီးခံရတဲ့နေ့ မနက်ပိုင်းမှာ တောထဲကို လာချထားခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလော စစ်ဆေးချက်များအရ ၎င်းတို့မှာ မိမိသဘောဆန္ဒအလျောက် လာရောက်ကြခြင်းဖြစ်သည်ဟု ယူဆရသော်လည်း လူကုန်ကူးခံခဲ့ရခြင်း ဟုတ်မဟုတ် သေချာစေရန် လူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်များက စိစစ်နေကြောင်းလည်း အဆိုပါ အရာရှိက ပြောသည်။
စိစစ်မှုလုပ်ငန်းစဉ်များ ပြီးဆုံးပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
