နတ်တလင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရပြန်

ဓာတ်ပုံ - ပေးပို့
ပုံစာ - နတ်တလင်းမြို့နယ် တစ်နေရာရှိ စစ်ရှောင်ပြည်သူများ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိပြန်ကြောင်း သိရသည်။

ဧပြီ ၉ရက်၊ ညနေ ၅နာရီ မိနစ်ခန့်က နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာကို စစ်တပ်က စက်တပ်လေထီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘိုးအဘွား လင်မယား ဒဏ်ရာရရှိခဲ့ပြီး၊ ည ၁၁နာရီ မိနစ် ၅၀ ခန့်ကကလည်း မကျီးပင်ကျေးရွာ စက်လှေဂိတ်ကို ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

” ဗုံးတွေက မရေတွက်နိုင်ဘူး။ မနေ့ညနေ ကျောက်ခွက်ကို ချတာက ဒရုန်းတွေရော ပါရာတွေရောနဲ့ ချတာ။ ရွာလည်း မီးလောင်တယ်။ အဘိုးနဲ့အဘွားလည်း ဒဏ်ရာရတယ်။ အသက်၆၀ အထက်တွေ ပါ။ ဆေးကုနေကြပါတယ်။ မကျီးပင် စက်လှေဂိတ်ကိုကြဲတာက ညကြီးလာကြဲတာပါ။ ပြီးတော့ ဟောင်ဝှစ်ဇာတွေနဲ့လည်း ၁၂ချက်လောက်လှမ်းပစ်တယ်” ဟု ၎င်းကပြောသည်။

မကျီးပင်ရွာ စက်လှေဂိတ်‌ ဗုံးကြဲမှုတွင် သေဆုံးသွားသူမှာ အသက် ၃၀အရွယ်ရှိ ကိုထွန်းထွန်းဦး ဖြစ်ကြောင်း သိရသည်။

” မနေ့မနက်(ဧပြီ၉ရက်)ကလည်း ပါရာမော်တာ ၃စီးနဲ့ ကျွန်းလေးပင်၊ ချောင်းကမ်းကြီးရွာတို့ကို ဗုံး၈လုံးလာကြဲ သေးတယ်။ အဲဒီမှာထိတဲ့ ကျွန်းလေးပင်ရွာသား ကိုလပြည့်ဝန်းက ခြေထောက် နှစ်ဖက်ပြတ်တဲ့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားပါပြီ။ ရွာတွေလည်း ကြေနေပါပြီ။ ဘာမှရစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

နတ်တလင်းမြို့နယ် အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းခွဲကာ ဝင်ရောက်နေပြီး ကျေးရွာ ၁၅ရွာခန့် မှ ပြည်သူ တသောင်းကျော် စစ်ရှောင်နေရကာ ဆေးဝါး၊ ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သိရသည်။