စစ်ပွဲကို ရှောင်ရှားရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထိုင်ဝမ် အတိုက်အခံခေါင်းဆောင် တိုက်တွန်း

ဓာတ်ပုံ - AFP: Xie Huanchi/Xinhua
ပုံစာ-- ဧပြီ ၁၀ ရက်က တရုတ်သမ္မတရှီကျင့်ဖျင်အား ပေကျင်းမြို့တွင် သွားရောက်တွေ့ဆုံခဲ့သည့် ထိုင်ဝမ်အတိုက်အခံ ကူမင်တန် (KMT) ပါတီဥက္ကဋ္ဌ ချန်လီဝမ်

ထိုင်ဝမ်နှင့် တရုတ်တို့သည် စစ်ပွဲကို ရှောင်ရှားနိုင်ရန်အတွက် ပူးပေါင်း လက်တွဲ ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဧပြီ ၁၀ရက်တွင် ပြောကြားသည်။

“နှစ်ဖက်စလုံးအနေနဲ့ နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ကျော်လွှားပြီး စစ်ပွဲကို တားဆီးရှောင်ရှားနိုင်မယ့် စနစ်ကျတဲ့ ဖြေရှင်းနည်းကို ရှာဖွေသင့်ပါတယ်။ ဒါမှသာ ထိုင်ဝမ်ရေလက်ကြားဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းတဲ့ စံပြနမူနာတစ်ခု ဖြစ်လာမှာပါ” ဟု ကူမင်တန် (KMT) ပါတီဥက္ကဋ္ဌ ချန်လီဝမ်က ဆိုသည်။

လာမည့်မေလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံရန်ရှိနေသလို ထိုင်ဝမ်အာဏာရပါတီက လွှတ်တော်အတွင်း ဒေါ်လာဘီလီယံနှင့်ချီသော ကာကွယ်ရေးအသုံးစရိတ် တောင်းခံထားသည့် အပေါ် အတိုက်အခံ ကူမင်တန်ပါတီက တားဆီးထားသည်။

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်သည် Talk Show တင်ဆက်သူဟောင်းတစ်ဦးဖြစ်ပြီး ထိုင်ဝမ်အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါသည်။

သူမသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ထိုင်ဝမ်လွှတ်တော်၌ အမတ်နေရာအများစု ရရှိထားသည့် ကွန်မင်တန် (KMT) ပါတီ၏ ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၎င်းအား ရှီကျင့်ဖျင်က ချက်ချင်းဆိုသလို ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

သို့သော် သူမသည် ယူကရိန်းစစ်ပွဲအတွက် နေတိုး (NATO) တွင် တာဝန်ရှိကြောင်း ပြောဆိုခဲ့ခြင်းနှင့် ဗလာဒီမီယာ ပူတင်သည် ဒီမိုကရေစီနည်းကျ အရွေးချယ်ခံထားရသူဖြစ်ပြီး အာဏာရှင်မဟုတ်ကြောင်း ပြောဆိုခဲ့မှုများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ချန်လီဝမ်သည် ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံနှင့်သီးခြား လွတ်လပ်စွာရပ်တည်ရေးကို လိုလားခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် သူမ၏ရပ်တည်ချက်ကို လုံးဝပြောင်းလဲ၍ လွတ်လပ်ရေးကို ဆန့်ကျင်ခဲ့လာခဲ့သည်။

ထိုင်ဝမ်အာဏာရပါတီ (DPP) သည် ထိုင်ဝမ်လွတ်လပ်ရေးကို စွဲကိုင်ထားသဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှု မရှိတော့ပေ။

ထို့အပြင် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် အား ထိုင်ဝမ်ကို “ယမ်းပုံး” အဖြစ် ပြောင်းလဲပစ်လိုသည့် “ခွဲထွက်ရေးသမား” အဖြစ် ဖော်ပြလေ့ရှိပါသည်။