ရေနံမြေဒေသ၌ NUG တပ်ရင်းများမှ တပ်ဖွဲ့ဝင်အချို့ တပ်ပြေးမှုများရှိနေ၊ ပြည်သူများလည်း စိတ်ဓာတ်ကျနေဟုဆို

ဓာတ်ပုံ-MPA
မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ ပုံစာ- မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်တစ်နေရာနှင့် စစ်ရေးပြင်ဆင်လာသည့် NUG တပ်ရင်းများအား ဆန္ဒပြနေသည့် ပြည်သူများ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်ကဲ့သို့ ရေနံမြေဒေသ၌ စစ်ဆိုင်ထားသည့် NUG တပ်ရင်းများမှ ရှေ့တန်းတပ်ဖွဲ့ဝင်အချို့ တပ်ပြေးမှုများရှိနေကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံက သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်၌ ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံထွက်ရှိရာ နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အင်အား ၃၀၀ ဝန်းကျင်ပါရှိသည့် တပ်ရင်းများ ရောက်ရှိလာခဲ့ပြီးနောက် ဒေသခံတပ်ရင်းများနှင့် စစ်ရေးတင်းမာခဲ့သည်။

“အခုဖြစ်နေတဲ့ ရေနံမှော်ကိစ္စတွေကြောင့် ရှေ့တန်းကနေ ပြေးနေကြတာ။ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း NUG က ဒီလိုတပ်အင်အားနဲ့ စစ်ရေးဖော်တာကို မကြိုက်ကြတာ။ တစ်ခုခုဖြစ်တာနဲ့ နားကြမယ်ဆိုတာမျိုးတွေ၊ ပြီးတော့ စစ်တပ်ကလည်း ဒီကိစ္စကို စောင့်ကြည့်နေတယ်။ အချင်းချင်းချကြရင် စစ်တပ်ဝင်လာမယ့် အနေအထားပဲ” ဟု ပခုက္ကူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် အင်အား ၃၀၀ ဝန်းကျင်ပါရှိသည့် အဆိုပါ NUG လက်အောက်ခံတပ်ရင်းများမှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်မှာ ၎င်းတို့၏ ရှေ့တန်းနယ်မြေများကို စွန့်ခွာထွက်ပြေးနေကြောင်း သိရသည်။

“MOD အောက်က မင်းဘူး၊ မကွေးနဲ့ ပခုက္ကူခရိုင်ဘက်က တပ်ရင်းအချို့ကို စစ်ဆင်ရေးရှိတယ်ဆိုပြီး ခေါ်လာကြတာ။ အခုက NUG တပ်တွေက သူတို့တစ်ဖက်တည်း စစ်ဆိုင်နေတာ၊ အခုအခင်းအကျင်းကို မကြိုက်ကြတာကနေ ပြေးကြတာ တစ်ယောက်၊ နှစ်ယောက်ကနေ ၂၀ ဝန်းကျင်လောက်ရှိပြီ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်မှ လက်ရှိအချိန်ထိ NUG လက်အောက်ရှိ တပ်ရင်းများက တစ်ဖက်သက် စစ်ဆိုင်ထားလျက်ရှိနေပြီး ဒေသခံတပ်ရင်းများအနေဖြင့် ဧပြီ ၁ ရက်တွင် ဆုတ်ခွာခဲ့ကြောင်း မြေပြင်အခြေအနေ သိရှိသူအချို့က ဆိုသည်။

ထိုကဲ့သို့ NUG တပ်အချင်းချင်း စစ်ရေးတင်းမာနေချိန်၌ ရေနံအများဆုံးထွက်ရှိရာ မြိုင်၊ ပေါက်၊ ပခုက္ကူကဲ့သို့ မြို့များအနေဖြင့် စစ်တပ်၏ လက်အောက်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း တပ်လော်ဘီများဖြစ်သည့် ကျော်စိုးဦး၊ ဘူးလတ်လှဆွေတို့က ဝါဒဖြန့်ချိနေကြသည်။

ယင်းအပြင် မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့်လည်း ရေနံမြေအတွင်း ဖြစ်ပွားနေသည့် အခြေအနေများကြောင့် တော်လှန်ရေးအပေါ် ထားရှိသည့် ယုံကြည်ချက်များ၊ စိတ်ဓာတ်များ အနည်းငယ် လျော့နည်းလာကြသည်ဟု ဒေသခံများက ဆိုသည်။

“ဒေသထဲက ပြည်သူတွေကတော့ စိတ်ဓာတ်ကျနေကြတယ်။ အချင်းချင်း လက်နက်နဲ့ ဖြေရှင်းကြတာထက် စစ်တပ်ကို တိုက်စေချင်ကြတာပဲလေ။ ပြည်သူတွေရဲ့ မျက်နှာလည်း ပြန်ကြည့်သင့်တယ်။ အခုချိန်မှာ အဘက်ဘက်က ကျပ်တည်းနေကြတာ” ဟု မြိုင်မြို့နယ်အတွင်း နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီပထမအပတ်၌ NUG အစိုးရ၏ ညွှန်ကြားချက်အရ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေဒေသများကို အင်အားရာချီသုံး၍ ရောက်ရှိနေသည့်အပေါ် မိတ်ဖက်ပဋိပက္ခများ မဖြစ်ရေးအတွက် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တင်းမာမှုများ ဖြစ်ပွားနေသည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်၌လည်း ပခုက္ကူခရိုင်၊ ရေနံမြေများ တည်ရှိရာ ပေါက်မြောက်ပိုင်းတစ်နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာငါးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မကွေးဒေသ၊ ပခုက္ကူခရိုင်အတွင်း ဖြစ်ပွားနေသည့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ အကြေအလည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကြေအလည် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်နိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခမကဘဲ ရေရှည်ပဋိပက္ခ လက်နက်ကိုင် အသွင်ဆောင်နိုင်၍ စကားဝိုင်းဖြင့် ဆွေးနွေးအဖြေရှာကြရန် ပခုက္ကူခရိုင် တပ်ရင်း ၆ ရင်း၊ မြိုင်၊ ပေါက်နှင့် ကမ္မမြို့နယ်တို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးနှင့် ကျန်းမာရေး အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၁ ခုက မတ် ၃၁ ရက်၌ ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း