တောင်ဒဂုံ ၅၄ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးအဖွဲ့ မြေကွက်လပ်များကို အိုးအိမ်နှင့်ပေါင်း၍ အကွက်ရိုက်ရောင်းစားနေ၊ မဝယ်မဖြစ်ဟုဆိုကာ ပြည်သူများကို ခြိမ်းခြောက်

ဓာတ်ပုံ-ပေးပို့
၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များကိုတွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်အတွင်းရှိ လူနေထိုင်ခြင်းမရှိသည့် မြေကွက်လပ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နှင့် အဖွဲ့က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) နှင့် ပူးပေါင်းကာ အကွက်ရိုက်ရောင်းစားနေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

အဆိုပါ မြေကွက်ရောင်းစားမှုတွင် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နှင့်အတူ ပျူစောထီးအဖွဲ့ဝင်ဟု လူသိများသည့် စိုးယုဆိုသူနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမာခံအဖွဲ့ဝင်အချို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့သည် ရပ်ကွက်အတွင်းရှိ မြေလွတ်များကို ၁၀ ပေ ၆၀ ပေ အကွက်များအဖြစ် ရိုက်ကာ တစ်ကွက်လျှင် ငွေကျပ်သိန်း ၂၀၀ ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

မြေကွက်များကို ရောင်းချရာတွင် ပုံမှန်အရောင်းအဝယ်မျိုးမဟုတ်ဘဲ ရပ်ကွက်နေပြည်သူများကို မဝယ်မဖြစ် ဟုဆိုကာ ခြိမ်းခြောက်ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“မြေကွက်တွေကို အိုးအိမ်နဲ့ ပေါင်းပြီး ရောင်းပေးမယ်ဆိုပြီး အတင်းအကျပ် လိုက်ပြောနေတာ။ သိန်း ၂၀၀ ဆိုတာကလည်း နည်းတဲ့ပမာဏမဟုတ်ဘူး။ မဝယ်နိုင်ဘူးလို့ပြောရင်လည်း ရပ်ကွက်ထဲမှာ နေလို့မရအောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်” ဟု ဘေးကင်းလုံခြုံရေးအရ အမည်မဖော်လိုသည့် ၅၄ ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့သည် ရပ်ကွက်အတွင်းရှိ အသက်ပြည်မီသည့် လူငယ်များရှိသော အိမ်ထောင်စုတိုင်းထံမှ စစ်မှုထမ်းကြေးဟုဆိုကာ တစ်လလျှင် ငွေကျပ် ၅ သောင်းကျပ်ကို မဖြစ်မနေ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ငွေကြေးကို ပေးဆောင်ရန် ငြင်းဆန်သူများ သို့မဟုတ် မပေးနိုင်သူများကို နေအိမ်များအတွင်းအထိ ဝင်ရောက်ကာ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

“တစ်လကို ၅ သောင်းဆိုတာ အခြေခံလူတန်းစားတွေအတွက် ထမင်းတစ်နပ်စာထက် အများကြီး ပိုပါတယ်။ မပေးနိုင်ဘူးလို့ ပြောမိရင် အိမ်ပေါ်အထိ တက်ဆွဲမယ်လို့ ရာဇသံပေးထားတာ။ အခုဆိုရင် ရပ်ကွက်ထဲမှာ အသက်ပြည့်တဲ့ သားသမီးရှိတဲ့ အိမ်တွေဆိုရင် နေ့ရောညပါ ကြောက်လန့်ပြီး နေနေရတယ်” ဟု ရပ်ကွက်နေ မိခင်တစ်ဦးက MPA သို့ ရင်ဖွင့်လာသည်။

အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်ဦးဆောင်သည့် အဖွဲ့သည် အာဏာကို အသုံးပြုကာ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။

မြေကွက်ရောင်းစားသည့် ငွေကြေးများနှင့် လစဉ်ကောက်ခံနေသည့် စစ်မှုထမ်းကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ရှင်းလင်းစွာ သိရှိရခြင်းမရှိဘဲ ၎င်းတို့အုပ်စုအတွင်း ခွဲဝေယူနေကြခြင်းဖြစ်ကြောင်းလည်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။

အထူးသဖြင့် စိုးယုဆိုသူနှင့် ကြံ့ခိုင်ရေးပါတီဝင် အမာခံများမှာ အုပ်ချုပ်ရေးမှူး၏ အာဏာကို ကျောထောက်နောက်ခံပြုကာ ရပ်ကွက်အတွင်း လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် လူမိုက်ဆန်ဆန် ပြုမူနေကြခြင်းကြောင့် ပြည်သူများမှာ တိုင်ကြားရန်ပင် ကြောက်လန့်နေကြရသည်။

“သူတို့က အိုးအိမ်နဲ့ ပေါင်းထားတယ်ဆိုတော့ ဘယ်သွားတိုင်တိုင် ထူးမှာမဟုတ်ဘူးဆိုပြီး လူတွေကို ဖိထားတာ။ တကယ်တော့ ဒါဟာ ပြည်သူ့မြေကို ဓားပြတိုက် ရောင်းစားနေတာပါပဲ” ဟု နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ၅၄ ရပ်ကွက်အတွင်းရှိ ပြည်သူများသည် စားဝတ်နေရေး ကျပ်တည်းနေသည့်ကြားမှ မတရား ကောက်ခံနေသည့် ငွေကြေးများကြောင့် လူမှုစီးပွားဘဝများ ပိုမိုပျက်စီးလာနေပြီး နေအိမ်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးမည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် လူငယ်အများအပြားမှာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတွင် စစ်မှုထမ်းဥပဒေအကြောင်းပြကာ အုပ်ချုပ်ရေးမှူးများက ငွေညှစ်နေသည့် ဖြစ်စဉ်များ ရှိနေသော်လည်း တောင်ဒဂုံ ၅၄ ရပ်ကွက်တွင်မူ မြေကွက်ရောင်းစားခြင်းနှင့် လစဉ်ကြေးကောက်ခံခြင်းတို့မှာ အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်ဟု တော်လှန်ရေးအဖွဲ့အစည်းများနှင့် နီးစပ်သူများက သုံးသပ်ကြသည်။

၅၄ ရပ်ကွက်နေ ပြည်သူများကမူ ၎င်းတို့ ကြုံတွေ့နေရသည့် မတရားမှုများကို သက်ဆိုင်ရာ အဆင့်မြင့် အာဏာပိုင်များ သိရှိစေလိုပြီး အမြန်ဆုံး အရေးယူပေးရန် မျှော်လင့်ပြီး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၏ ဖိနှိပ်မှုများကြောင့် ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်ခွင့် ဆုံးရှုံးနေရကြောင်း ဒေသခံများက တညီတညွတ်တည်း ဆိုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း အုပ်ချုပ်ရေးယန္တရားကို အသုံးပြုကာ ပြည်သူများအပေါ် မတရားငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စိတ်ထင်တိုင်းပြည်သူများက အနိုင်ကျင့်လျက်ရှိနေသည်။

စာတည်း-ကိုဆန်း