မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်တပ်၏ အခြေစိုက်စခန်းတစ်ခုဖြစ်သော ခမရ (၂)၊ တပ်မ (၄၄) လက်အောက်ခံ လေးကေစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာခဲ့ပြီး စခန်းအခြေစိုက် တပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်အချို့ကို လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၇) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
နည်းဗျူဟာမှူး စထွန်းဇော်၏ စီမံကွပ်ကဲမှုအောက်တွင် နဂါးဖြူတပ်ရင်း၊ Rangoon Warriors တပ်ရင်း၊ SOF တပ်ရင်းနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဟန်ချက်ညီညီ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းစခန်းကုန်းကို ယနေ့( ဧပြီ ၁၂ရက်) နံနက် (၈) နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်တပ်စခန်းအတွင်းသို့ အပြီးသတ် ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
မင်းအောင်လှိုင် လက်အောက်ခံစစ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အရှိန်အဟုန်ပြင်းသော ထိုးစစ်ကို မခုခံနိုင်တော့ဘဲ အရှက်တကွဲ အရှုံးပေးခဲ့ကြရကာ အများအပြား ဖမ်းဆီးခြင်း ခံခဲ့ရခြင်းလည်းဖြစ်သည်။
ယခုသိမ်းပိုက်ရရှိခဲ့သော လေးကေစခန်းကုန်းသည် စစ်တပ်အတွက် ဗျူဟာမြောက် အရေးပါသော နေရာတစ်ခုဖြစ်ပြီး ယင်းစခန်း ကျရှုံးသွားခြင်းမှာ စစ်တပ်၏ ဒေသတွင်းစိုးမိုးမှုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
တိုက်ပွဲအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက စခန်းအတွင်းရှိ လက်နက်တိုက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
