အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ရာ၌ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် သင်္ကြန်ကာလ နီးကပ်လာ၍ ကုန်သည်များ အရောင်းအဝယ် ရပ်နားထားခြင်းကြောင့် ငွေလည်ပတ်မှု နှေးကွေးလာပြီး ယခုကဲ့သို့ ငွေလွှဲ၊ KBZ Pay နှင့် Wave Money များမှတစ်ဆင့် ငွေထုတ်ရာ၌ ၆ ရာခိုင်နှုန်းအထိ ပေးချေနေရခြင်းဖြစ်သည်။
“မတ်လလောက်က ထုတ်ခ ၁ဒဿမ၅ ရာခိုင်နှုန်းထိပဲ။ ဘဏ်လုပ်ငန်းတွေ မရှိတော့ ကုန်သည်တွေနဲ့ ငွေလွှဲ၊ ငွေထုတ်သမားတွေဆီမှာ ပိုက်ဆံက လှည့်နေတာ။ သင်္ကြန်နီးလာတိုင်း ဖြစ်တယ်။ သင်္ကြန်ရက်နီးလာတော့ ကုန်သည်တွေကလည်း နားကြတာဆိုတော့ ငွေသားရှားလာတယ်။ အဲ့ဒီကနေမှ ငွေထုတ်တဲ့သူတွေမှာ သွားထိတာပေါ့” ဟု ကျောက်တော်မြို့၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းများပြားစွာ ပေးချေနေရခြင်းကြောင့် Mobile Banking မှတစ်ဆင့် ငွေသားထုတ်ယူရသူများအနေဖြင့် အခက်အခဲများ တွေ့ကြုံလာရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သင်္ကြန်ရက်ကာလများတွင်လည်း Kpay တစ်သိန်းလျှင် ထုတ်ခ ၂ဒဿမ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး မေလကုန်ခါနီးမှသာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း မြောက်ဦးမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရာခိုင်နှုန်းနည်းမယ့်နေရာ လိုက်ရှာပြီး ထုတ်ရတာပေါ့။ တစ်ရာခိုင်နှုန်းလျော့လည်း သက်သာတယ်လေ။ မထုတ်ဘဲနဲ့ ထားရင်လည်း သုံးစရာမရှိဖြစ်တာဆိုတော့ ထုတ်ရတာပဲ” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြို့နယ်များတွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ပိတ်သိမ်းထားရသည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဟောင်းနွမ်းခြင်းအပြင် ပြတ်လပ်မှု၊ ရှားပါးမှုတို့ကို ကြုံတွေ့လာရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကော်မရှင်က ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်ပို့ဆောင်နိုင်သည့် ရေလမ်း၊ ကုန်းလမ်းပိုင်းများကို ကန့်သတ်ပိတ်ပင်ထား၍ ဒေသတွင်း၌လည်း ကုန်စည်လိုအပ်ချက်နှင့် ကုန်စျေးနှုန်းများမှာ မြင့်တက်လာပြီး အိန္ဒိယနိုင်ငံဘက်မှ ကုန်စည်ပစ္စည်းများ တင်သွင်းနေရဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်လည်း ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ငွေလွှဲငွေထုတ်လုပ်ကိုင်ရန်အတွက် ကျပ်သိန်းပေါင်း ခြောက်သောင်း သယ်ဆောင်လာသည့် စက်လှေတစ်စင်းကို စစ်ကောင်စီက ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးတွင် ဖမ်းဆီးခဲ့သေးသည်။
စာတည်း-ကိုဆန်း
