ဇော်ဘုန်းဟိန်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အပေါ် စစ်တပ်လော်ဘီများ ဒေါသထွက်

အတုအယောင်သမ္မတအဖြစ် အမည်ခံထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် အကျဉ်းသား (၄,၀၀၀) ကျော်ကို လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း စစ်တပ်ထောက်ခံသူများဘက်က မျှော်လင့်နေသည့် အမျိုးသားရေးသမား ဇော်ဘုန်းဟိန်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အတွက် စစ်တပ်လော်ဘီများအကြား မကျေနပ်မှုများ ပြင်းထန်နေကြောင်း သိရသည်။

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဇော်ဘုန်းဟိန်းနှင့် အခြားအမျိုးသားရေးသမားများ ပါဝင်လာခြင်း မရှိပေ။

ယင်းအခြေအနေအပေါ် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် “တပ်အတွက် အလုပ်လုပ်ပေးသူတွေကိုကျတော့ မေ့ထားပြီး ရန်သူတွေကို လွှတ်ပေးနေတယ်” ဟုဆိုကာ မင်းအောင်လှိုင် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားမှုများ ရှိနေသည်။

ဇော်ဘုန်းဟိန်းအား ယမန်နှစ် ဇွန်လ ၂ ရက် နေ့လယ်ပိုင်းက ပြင်ဦးလွင်နေအိမ်မှ ဖမ်းဆီးကာ မန္တလေးနန်းတွင်းစစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးပြီးနောက် ယနေ့တွင် ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ၃(ခ)(၁၅)၊ ၄၄ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁နှစ် ချလိုက်ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆိုလေ့ရှိသည့် ဇော်ဘုန်းဟိန်း ဖမ်းဆီးခံရရေး စစ်လော်ဘီဟန်ငြိမ်းဦးက အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် တပ်မတော်ကို ချစ်မြတ်နိုးသူဖြစ်၍ ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဦးဆောင်သူတချို့နှင့် စစ်တပ်ထောက်ခံသူများက ရေးသားခဲ့ကြသည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက “ဒါဟာ သူတို့အချင်းချင်းကြားမှာတောင် ယုံကြည်မှု ပျက်ပြားနေတာကို ပြတာပဲ။ စစ်တပ်က သူတို့ကို အသုံးချချင်တဲ့အချိန် အသုံးချပြီး အရေးမပါတော့ရင် ပစ်ထားတတ်တာ သူတို့လည်း အခုမှ သိပုံရတယ်” ဟု MPA သို့ ပြောသည်။

ထို့ပြင် အခြားပြည်သူတစ်ဦးကလည်း “သူတို့ဘက်တော်သား ဇော်ဘုန်းဟိန်း မလွတ်တာကို ဒေါသထွက်နေကြတာက ရယ်စရာပဲ။ တကယ်တော့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်တွေနဲ့ ကျောင်းသားလူငယ်တွေ အများကြီး ထောင်ထဲမှာ ကျန်နေသေးတာကိုကျတော့ သူတို့ မမြင်ကြဘူး” ဟု ဝေဖန်ထောက်ပြသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ကို ကစားကွက်တစ်ခုအဖြစ် အသုံးချခဲ့သော်လည်း၊ လက်တွေ့တွင်မူ ၎င်းတို့အား အမာခံထောက်ခံသည့် လော်ဘီများနှင့် အမျိုးသားရေးသမားများအကြားတွင်ပင် စိတ်ဝမ်းကွဲမှုများနှင့် မယုံကြည်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်