By Politico
အမေရိကန်-အီရန် ပဋိပက္ခ စတင်ကတည်းက အီရန်ဘက်က ပိတ်ဆို့ထားခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အစ္စရေးနှင့် လက်ဘနွန်တို့အကြား (၁၀) ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မှုကို ကြိုဆိုခဲ့ပြီး အဆိုပါ ရေကြောင်းလမ်းမှာ “လုံးဝပွင့်သွားပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်နေပြီ” ဟု ကြေညာခဲ့သည်။ သို့သော်လည်း အီရန်သင်္ဘောများအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့ကန့်သတ်မှုမှာမူ ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း ဆိုသည်။
ထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အီရန်နှင့် ကျွန်ုပ်တို့၏ အရောင်းအဝယ်ကိစ္စ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံမှသာ” အဆိုပါ ပိတ်ဆို့မှုကို ရုပ်သိမ်းပေးမည်ဟု ရေးသားခဲ့ပြီး တီဟီရန်နှင့် ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်များ ရရှိရန် ဆွေးနွေးမှုများမှာ အလွန်မြန်ဆန်စွာ ဖြစ်ပေါ်လာလိမ့်မည် ဟု မျှော်လင့်ချက်ဖြင့် ပြောဆိုခဲ့သည်။
ထို့ပြင် နောက်ထပ်ပို့စ်တစ်ခုတွင် ထရမ့်က အီရန်နိုင်ငံအတွင်းရှိ နူကလီးယား အမှုန်အမွှားအားလုံး” (Nuclear dust) ကို သဘောတူညီချက်အရ အမေရိကန်က ဖယ်ရှားပစ်မည်ဟု ဆိုသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထရမ့်၏ ယခုကြေညာချက်သည် ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာမည့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။ အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်မည့် သင်္ဘောများကို ယခုအပတ်အတွင်း အမေရိကန်က စတင်ပိတ်ဆို့ခဲ့ခြင်းမှာ အီရန်၏ နူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အီရန်ဘက်က အသာစီးရနေသည့် အခြေအနေကို ချေဖျက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
ထို့ပြင် အစ္စရေးနှင့် လက်ဘနွန်တို့အကြား (၁၀) ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ထရမ့်က အောင်မြင်စွာ စေ့စပ်ပေးနိုင်ခဲ့ပြီးနောက် တစ်ရက်အကြာ သောကြာနေ့တွင် အီရန်က ရေလက်ကြားကို ပြန်ဖွင့်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီက လက်ဘနွန် အပစ်ရပ်စဲရေးနှင့်အညီ ဟော်မုဇ်ရေလက်ကြားမှ ကုန်တင်သင်္ဘောအားလုံး ဖြတ်သန်းသွားလာခွင့်ကို အပစ်ရပ်ကာလအတွင်း လုံးဝပွင့်လင်းကြောင်း ကြေ ညာသည် ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
သို့သော် သင်္ဘောများအနေဖြင့် အီရန်၏ ဆိပ်ကမ်းနှင့် ရေကြောင်းအဖွဲ့အစည်းက သတ်မှတ်ပေးထားသည့် လမ်းကြောင်းများအတိုင်း လိုက်နာမောင်းနှင်ရမည်ဟု ဆိုသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံရောင်းဝယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့် အဓိက ရေကြောင်းလမ်းဖြစ်သည်။ အီရန်အတွင်း ဖြစ်ပွားခဲ့သော အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကွက် သမိုင်းတစ်လျှောက် အကြီးမားဆုံး အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်ခဲ့ရသည်။
ယခုသတင်းကြောင့် အမေရိကန်ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၁၀ ဒေါ်လာခန့် ပြန်လည်ကျဆင်းသွားပြီး ၈၁.၅၀ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိသွားကာ မတ်လအစောပိုင်းနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်း ဖြစ်လာခဲ့သည်။
အမေရိကန်သည် အဆိုပါရေလက်ကြားအပေါ် မှီခိုမှုနည်းသော်လည်း တရုတ်နိုင်ငံ ရေနံတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ အစိတ်အပိုင်းအတော်များများမှာ ယင်းရေကြောင်းလမ်းကို အဓိက မှီခိုနေရခြင်းဖြစ်သည်။
အီရန်က ဒရုန်းများ၊ ဒုံးကျည်များဖြင့် ကုန်တင်သင်္ဘောများကို ခြိမ်းခြောက်ခဲ့သောကြောင့် ယခင်က ရေကြောင်းသွားလာမှုမှာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။
ယခုသတင်းသည် စီးပွားရေးလောကအတွက် သတင်းကောင်းဖြစ်သော်လည်း သင်္ဘောများအနေဖြင့် အီရန်ကမ်းရိုးတန်းနှင့် နီးကပ်စွာ မောင်းနှင်ရဦးမည်ဖြစ်သောကြောင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်ယူရဦးမည်ဟု Sparta Commodities မှ ဈေးကွက်ကျွမ်းကျင်သူ June Goh က သုံးသပ်သည်။
“အာမခံနှင့် စွန့်စားရမှုကိစ္စတွေက ရှုပ်ထွေးနေဆဲဖြစ်လို့ သင်္ဘောပိုင်ရှင်တွေဘက်က တုံ့ဆိုင်းမှုတွေ ရှိနေပါဦးမယ်။ တချို့သင်္ဘောတွေ ဘေးကင်းကင်းနဲ့ အရင်ဖြတ်သွားနိုင်တာကို စောင့်ကြည့်ပြီးမှသာ ကျန်တဲ့သူတွေ လိုက်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်ခဲ့မှုအပေါ် သမ္မတ ထရမ့်က အလွန်အမင်း ဒေါသထွက်ခဲ့သည်။ ၎င်းက နေတိုး (NATO) အပါအဝင် အမေရိကန်၏ ရေရှည်မဟာမိတ်များကို ပဋိပက္ခအတွင်း အကူအညီမပေးမှုနှင့် ရေလက်ကြားပြန်ဖွင့်ရန် ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ခြင်းမရှိမှုတို့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
“မင်းတို့ကိုယ်တိုင် တိုက်ခိုက်ဖို့ သင်ယူထားကြတော့၊ အမေရိကန်က မင်းတို့ကို ကူညီမှာ မဟုတ်တော့ဘူး၊ မင်းတို့ကလည်း ငါတို့ကို မကူညီခဲ့ဘူးလေ” ဟု မတ်လကုန်တွင် ထရမ့်က ရေးသားခဲ့ဖူးသည်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များသည် ပဲရစ်မြို့တွင် တွေ့ဆုံကာ ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးနေစဉ်အတွင်း ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် အခြားသော ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်ကလည်း ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
