မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်သမ္မတအမည်ခံ မင်းအောင်လှိုင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းသည် မြန်မာ့နိုင်ငံရေးအတွက် အရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့( ဧပြီလ ၁၈ ရက်နေ့)တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တော်လှန်ရေးလမ်းစဉ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
NUG ၏ ထုတ်ပြန်ချက်အရ သမ္မတဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းရခြင်းမှာ စစ်ကော်မရှင်၏ စေတနာကြောင့်မဟုတ်ဘဲ ပြည်တွင်းပြည်ပမှ တော်လှန်ရေးဖိအားများကြောင့် ရရှိလာသော အောင်ပွဲအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြတ်သားစွာ ဖော်ပြထားသည်။
“တကယ်တော့ ဒီလုပ်ရပ်က စစ်ကော်မရှင်ရဲ့ ထုံးစံအတိုင်း ဓားစာခံနိုင်ငံရေး ကစားလိုက်တာပဲဗျ။ သူတို့ နိုင်ငံရေးအရ အကျပ်အတည်း ဆိုက်လာတိုင်း ဒီလိုပဲ ခေါင်းဆောင်တွေကို ဖမ်းထားလိုက်၊ ပြန်လွှတ်ပေးလိုက်နဲ့ အချိန်ဆွဲလေ့ရှိတယ်။ အခု သမ္မတကြီးကို ပြန်လွှတ်ပေးတယ်ဆိုတာကလည်း စေတနာအစစ်နဲ့ မဟုတ်ပါဘူး။ အဓိကကတော့ အာဆီယံအပါအဝင် နိုင်ငံတကာက ဖိအားတွေကို လျှော့ချချင်တာရယ်၊ နောက်ပြီး ကုလသမဂ္ဂမှာ သူတို့ရဲ့ ကိုယ်စားပြုခွင့် နေရာပြန်ရဖို့အတွက် ငါတို့တော့ ဖြေလျှော့မှုတွေ လုပ်နေပြီ ဆိုတာကို ဟန်ပြချင်တာပါ။ ဒါဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို နိုင်ငံရေးလှည့်ကွက်ထဲ ဆွဲသွင်းဖို့ ကြိုးစားတဲ့ ဗျူဟာတစ်ခုပဲလို့ ကျွန်တော် မြင်ပါတယ် ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
အထူးသဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို NUG နှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်ကိုင်စွဲထားခြင်းမှာ စစ်ကော်မရှင်အတွက် အကြီးမားဆုံးသော နိုင်ငံရေးဆူးငြောင့်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်သူ့ရွေးကောက်ခံ ခေါင်းဆောင်များအဖြစ်သာ ဆက်ရှိနေမည်ဟု NUG က ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်။
မြေပြင်တော်လှန်ရေးအင်အားစုများ၏ အဆိုအရ စစ်ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် နိုင်ငံရေးအရ အပေးအယူလုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော် NUG ကမူ ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးမှာ တော်လှန်ရေး၏ မပြောင်းလဲသော ရည်မှန်းချက်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် NUG ၏ ထုတ်ပြန်ချက်တွင် ပါရှိသော ဘုံသဘောထား ၆ ရပ်မှာ အလွန်အရေးကြီးသော အချက်ပြမှုတစ်ခု ဖြစ်ပြီး စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်ဖယ်ရှားရေးနှင့် အရပ်သားအစိုးရအောက်၌သာ ထားရှိရေးဆိုသည့် အချက်မှာ တော်လှန်ရေးအင်အားစုများ၏ တူညီသော ဆန္ဒဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးမှာလည်း နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပြီး စစ်ကော်မရှင်က ၎င်းတို့အာဏာတည်မြဲရေးအတွက် ဥပဒေအဟောင်းများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်ဟု NUG က ဆိုသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက NUG အနေဖြင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ထည့်သွင်းပြောဆိုလာခြင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို တာဝန်ခံခိုင်းမည်ဆိုသည့် သဘောဖြစ်ပြီး ဒါဟာ ပြည်သူတွေ လိုလားနေတဲ့ အချက်လည်း ဖြစ်တယ်ဟု သုံးသပ်သည်။
“သမ္မတကြီး ပြန်လွတ်လာတာကို မြင်ရတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ တကယ်ပဲ ဝမ်းသာမိတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်ကော်မရှင်ရဲ့ လှည့်ကွက်တွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ ခေါင်းဆောင်တစ်ဦး ပြန်လွတ်လာရုံနဲ့တော့ ကျွန်မတို့ရဲ့ တော်လှန်ရေးက ပြီးသွားပြီလို့ မယူဆပါဘူး။ ကျွန်မတို့ လိုချင်တာက လူတစ်ယောက် လွတ်မြောက်ဖို့တင် မဟုတ်ဘဲ ဒီဆိုးဝါးလှတဲ့ စစ်အာဏာရှင်စနစ်ကြီးတစ်ခုလုံး အမြစ်ပြတ်သွားဖို့ပါ။ အဲ့ဒီစနစ်ကြီး ပြောင်းလဲသွားတဲ့အထိ ကျွန်မတို့ CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေကတော့ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်သွားကြမှာပါပဲ” ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် မဟာမိတ်တိုင်းရင်းသားအင်အားစုများနှင့် NUG အကြား ဘုံသဘောထားများ ခိုင်ခိုင်မာမာရှိနေခြင်းမှာ စစ်ကော်မရှင်၏ သွေးခွဲမှုများကို တွန်းလှန်နိုင်သည့် အားကောင်းသော လက်နက်တစ်ခု ဖြစ်ကာ ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးမှာလည်း တဖြည်းဖြည်း ပုံဖော်လာနေပြီဖြစ်သည်။
သို့ဖြစ်ရာ စစ်ကော်မရှင်က လာမည့် ၅ နှစ်တာ သက်တမ်းတစ်ခုကို အာဏာဆက်ယူရန် ကြိုးပမ်းနေသည့် လှည့်ကွက်များကို ပြည်သူနှင့် တော်လှန်ရေးအင်အားစုများက ရန်ငါပြတ်ပြတ်ဖြင့် ရင်ဆိုင်ကြရန် လိုအပ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက သတိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့မဲဆန္ဒအတိုင်း ခေတ်ပြောင်းစနစ်ပြောင်းစေရန် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်သည်အထိ ဆုံးခန်းတိုင် ချီတက်သွားမည်ဟု အဓိဋ္ဌာန်ပြုထားသည်။
