နှစ်ဆန်းတစ်ရက်တွင် အကျဉ်းသား ၁၆၀၀ ကျော်သာ အမှန်တကယ် လွတ်၊ နိုင်ကျဉ်း ၂၉၀ ကျော် ပါဝင်

နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းခွင့်တွင် အကျဉ်းသား ၁၆၀၀ ကျော်သာ အမှန်တကယ် လွတ်မြောက်လာကြောင်း သိရသည်။

နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)တွင် အမှု‌ပေါင်းစုံ ၅၀၀ ကျော်ဖြင့် ထောင်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း အကြမ်းဖက်အစိုးရတုက ထုတ်ပြန်ခဲ့သော် လည်း လက်တွေ့တွင်မူ ထောင် ၄၀ မှ အကျဉ်းသား ၁,၆၈၆ ဦးသာ လွတ်မြောက်လာခဲ့ပြီး ယင်းအ ထဲ၌ နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်(PPNM)က ဧပြီ ၁၈ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။

“ကျနော်တို့ PPNM အနေနဲ့ မှတ်ချက်ပေးရမယ်ဆိုရင်တော့ ဒါကတော့ နိုင်ငံရေးအရ အလွှတ် ပြ တယ်ဆိုရုံလောက် ၊ နိုင်ငံရေးအာသာပြေရုံလောက်ပဲ လွှတ်ပေးတယ်ဆိုတဲ့ ပုံစံမျိုးကိုတော့ ကျနော် တို့ တွေ့ရပါတယ်။ တကယ် ၄၀၀၀ ကျော်လွှတ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရရှိထားတဲ့ စာရင်းတွေအ ရ ၁၆၀၀ ဝန်းကျင်ပဲလွှတ်တာဖြစ်တဲ့အတွက် အရေအတွက်က တော်တော်လေး ကွာခြားနေတာကို တွေ့ရပါတယ်”ဟု PPNM ဦးဆောင်ကော်မတီ မရောင်နီလင်းက MPA သို့ပြောသည်။

လွတ်ငြိမ်းခွင့်အပြင် လွတ်ငြိမ်းသက်သာခွင့်ပါ ပေးသော်လည်း အကြမ်းဖက်အစိုးရတုက နိုင်ငံတကာ နှင့် ပြည်သူကို ကိန်းဂဏန်းများဖြင့် လှည့်ဖျားနေခြင်းသာဖြစ်ကြောင်း သိရသည်။

” ဒါကတော့ စစ်ကော်မရှင်က အရင် လွှတ်တဲ့ထဲတွေမှာဆိုလို့ရှိရင်လည်း ၇၀၀၀ ‌ကျော်လွှတ်တယ် ၊ တစ်သောင်းကျော်လွှတ်တယ် ဆိုပေမဲ့လည်း တကယ် သူတို့ လွှတ်ပါတယ်ဆိုတဲ့ ပြထားတဲ့ အရေအ တွက်ကိုတော့ ရောက်ရှိပြီးတော့ လွှတ်တာမျိုးတော့ မရှိပါဘူး။ ဒီတစ်ခေါက်မှာလည်း ၄၀၀၀ ကျော် လွှတ်မယ်လို့ ဆိုပေမဲ့လည်း တကယ်လွှတ်တယ်ဆိုရုံလောက် အရေအတွက်ကိုပဲ ပြထား တာမျိုး တွေ့ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ ပေါင်းတည် ၊ သာယာဝတီ ၊ ဒိုက်ဦး ၊ မအူပင် ၊ ကလေး ၊ ဟင်္သာတ ၊ အိုးဘို ၊ မြင်းခြံ ၊ ပုသိမ် ၊ အင်းစိန် ၊ သရက် ၊ ဖျာပုံ ၊ ကသာ ၊ မိတ္ထီလာ ၊ ဂန့်ဂေါ ၊ မြစ်ကြီးနား ၊ မိုးညှင်း ၊ မကွေး ၊ ကော့သောင်း ၊ မဇွပ်ယန် အချုပ်ထောင်နှင့် သထုံထောင်တို့မှ ဖြစ် ကြောင်း PPNMထုတ်ပြန်ချက်အရ သိရသည်။