ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ၃နှစ်အရွယ် စစ်ရှောင်ကလေးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၁၉ရက်၊ နံနက်အစောပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ မျောက်ကုန်းရှိ စစ်တပ်အထိုင် စခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် မလန်းကျေးရွာသို့ ကျရောက်ခဲ့ပြီး ကလေးငယ် (ကျား) တစ်ဦးသေဆုံးခဲ့ကာ၊ ဧပြီ ၁၈ရက်၊ ည ၁၀ နာရီခွဲခန့်ကလည်း ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ် သော လက်နက်ကြီး ဆိုင်းအောင်ကျေးရွာသို့ ကျရောက်၍ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ် ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ကလေးလေးက စစ်ရှောင်မိသားစုကပါ။ မလန်းရွာမှာ စစ်လာရှောင်နေကြတာ။ ဘယ်ကလာရှောင် ကြလဲတော့ သေချာမပြောတတ်ဘူး။ ရင်ခေါင်းတည့်တည့်ကို လက်နက်ကြီးစစင်ပြီး သေသွားတာ။ မနေ့ညက ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်တာ။ ၁၀ချက်လောက်ရှိမယ်။ ဆိုင်း အောင်ရွာလမ်းဆုံက ကချင်ရိုးရာကုန်းနားကို ကျပြီး အမျိုးသားတစ်ဦးသေတယ်။ သူက ဆီးခုံနားကို အစထိတာ ” ဟု ၎င်းက MPA ကို ပြောသည်။
သေဆုံးသူများ၏ နာရေးကို ယနေ့နံနက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ဖားကန့်မှာ စစ်ရေးအခြေအနေက တင်းမာနေဆဲပါပဲ။ ဒီမနက်တော့ လုံးခင်းကျောက်ဝိုင်းလမ်းဆုံနဲ့ မှော်စီစာဘုရားကုန်းမှာ စစ်သားတွေ တပ်ဖြန့်ထားတယ်။ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ မရှိ သေးဘူးဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၁၅ရက်ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ရွှေမြန်မာဆီဆိုင်အနီးတွင် စစ်တပ်က တော်လှန်ရေးရဲဘော်တစ်ဦးနှင့် ပြည်သူ၃ဦးတို့ကို သတ်ဖြတ်ကာ အလောင်းများ လာရောက်စွန့်ပစ်ခဲ့ ကြောင်း သိရသည်။
ဧပြီ ၂ရက်၌ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်တိုက်ပွဲများတွင် KIA၊ KPDF ပူးပေါင်း တပ်က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ထားသည်။
