လက်ပံတန်း ပြည်သူများကို စစ်တပ် သဲကြီးမဲကြီး ဗုံးကြဲ၊ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံး

ဓာတ်ပုံ - လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

ပဲခူးတိုင်းအနောက်ခြမ်း ၊ လက်ပံတန်းမြို့နယ်တွင် စစ်တပ်က ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက် ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် လက်ပံတန်းမြို့နယ် ၊ သဲကောဆည်အနီး ၊ ဝန်ကလေး (ဆားချောင်း)ကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်သည့် ပြည်သူများ၏ နေအိမ်ကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးများ ကြဲချခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ် ၊ ၁၆ နှစ် ၊ ၁၉ နှစ်အရွယ် နှင့် အသက် ၂၀ အရွယ် အမျိုးသား ၄ ဦးတို့ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လက်ပံတန်း မြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၃ ရက်) သတင်းထုတ်ပြန်သည်။

“ဒဏ်ရာရတဲ့သူတွေထဲမှာ စိုးရိမ်ရ ၂ယောက်ရှိပေမဲ့ ဒီနေ့၄နာရီလောက်အထိကတော့ ဆိုးတဲ့အ ခြေအနေမျိုး မကြားရသေးဘူး။အဲမှာနေတာ ရေလုပ်ငန်းလုပ်တယ်ဆိုတာက ဟိုလို စက်လှေတွေ၊ ပဲ့ထောင်တွေနဲ့ အဆင်ပြေပြေ လုပ်ကိုင်နေကြတာမျိုးမဟုတ်ဘူး။ဒီလိုပဲ ငါးလေးရှာလိုက် ဖားလေး ရှာလိုက်အဆင့်ပဲ”ဟု ဒေသတွင်း PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ စိုးရိမ်ရသည့် အခြေအနေ‌ရှိပြီး ကျန် ကလေး ၂ ဦးနှင့် လူကြီး ၂ ဦးမှာမူ မစိုးရိမ်ရကြောင်းနှင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းဗုံးကြဲချသည့်နေရာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးအင်အားစုများ လည်း နေထိုင်ခြင်းမရှိကြောင်း သိရသည်။

အပြစ်မဲ့ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများ အလွန်အကျွံ ပြုလုပ်နေသဖြင့် ပြည်သူများ လေကြောင်းအန္တရာယ် အထူး သတိထားကြရန် လက်ပံတန်းမြို့နယ် ပကဖ က အသိပေးထားသေးသည်။