လွတ်လပ်သော မီဒီယာ သုံးခုကို စစ်ကော်မရှင်က လိုင်စင်ပိတ်သိမ်းသော်လည်း ပြည်သူ့ဘက်မှ ဆက်လက်ရပ်တည်မည်ဟု မျက်မှောက်ခေတ် ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်အခြေစိုက် ချင်းဝါးလ်မီဒီယာ (Chin World)၊ ခိုနူမ်းသုန်မီဒီယာ (Khonumthung Media Group) နှင့် မျက်မှောက်ခေတ်မီဒီယာ (Nowadays News) တို့ကို သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းပိတ်သိမ်းကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် အဆိုပါ မီဒီယာ (၃) ခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိက်ခိုက်စေသည့် အကြောင်းအရာများ ရေးသားနေသည်ဟု စွပ်စွဲထားပြီး၊ ဧပြီလ ၉ ရက်နေ့မှစတင်ကာ လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းကြောင်း ဖော်ပြထားသည်။ ထို့ပြင် မည်သည့်နည်းပညာကို အသုံးပြု၍ဖြစ်စေ သတင်းထုတ်လွှင့်ခြင်းမပြုရန်လည်း တားမြစ်ထားသည်။

ယင်းလုပ်ရပ်နှင့်ပတ်သက်၍ မျက်မှောက်ခေတ် (Nowadays News) သတင်းဌာနက ယနေ့ (ဧပြီ ၂၄ ရက်) တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စစ်ကော်မရှင်၏ လိုင်စင်ပိတ်သိမ်းမှုသည် တရားဝင်မှုမရှိသကဲ့သို့ အလေးထား ဂရုပြုမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

မျက်မှောက်ခေတ်အနေဖြင့် အရပ်သားအစိုးရလက်ထက်ကတည်းက တရားဝင်မှတ်ပုံတင်ကာ ကျင့်ဝတ်နှင့်အညီ ရပ်တည်ခဲ့သည့် လွတ်လပ်သော မီဒီယာဖြစ်ကြောင်းလည်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကော်မရှင်၏ လုပ်ရပ်သည် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် သရုပ်မှန်ကို ပြသနေခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်ကတည်းက မျက်မှောက်ခေတ်ရုံးခန်းကို စစ်တပ်က အင်အားသုံး စီးနင်းဖျက်ဆီးခဲ့သော်လည်း သတင်းထောက်များနှင့် ဝန်ထမ်းများသည် အခက်အခဲများကြားမှ သတင်းလုပ်ငန်းများကို အဆက်မပြတ် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုထားသည်။

“အာဏာသိမ်းတဲ့ အစဦးရက်ထဲမှာက မျက်မှောက်ခေတ်ရုံးခန်းကို ဖျက်ဆီးတာ၊ ဝင်စီးတာ၊ ကွန်ပျူတာတို့ အခြား သတင်းလုပ်ငန်းမှာသုံးတဲ့ ပစ္စည်းတွေကို ရိုက်ချိုး ဖျက်ဆီးခဲ့ဖူးတယ်။ လူတွေက လွတ်အောင် မနည်းလွတ်အောင် တိမ်းရှောင်ရတဲ့အချိန်ရှိခဲ့တယ်။ ငါးနှစ်တာ ကာလမှာ ရောက်တဲ့နေရာကနေ သတင်းလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဖြစ်တယ်။ မျက်မှောက်ခေတ်နဲ့အတူ သတင်းဌာန နှစ်ခုကို လုပ်ငန်းလိုင်စင် ပိတ်တယ်လို့ ထုတ်ပြန်လာတယ်။ ဘယ်လို့ကြောင့် အခုချိန်မှာမှ ထုတ်ပြန်လာတယ်ဆိုတာကို မသိရဘူး။ ကျတော်တို့က အရပ်သား အစိုးရလက်ထပ်က မှတ်ပုံတင်ခဲ့တာရှိတယ်။ အာဏာသိမ်းဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ သက်တမ်းတိုးတာ ဆက်ပြီး မလုပ်ဖြစ်ဘူး။ သတင်းအလုပ်ကို ဆက်လုပ်ပြီး သူတို့နဲ့သွားမပတ်သက်ခဲ့ဘူး။ ရုံးခန်းဖျက်ဆီးတုန်းကတောင် သတင်းအလုပ်ကို ဆက်လုပ်ခဲ့သေးတာ၊ ဒီလိုမျိုးထုတ်ပြန်တာကိုတော့ အရေးစိုက်စရာမလိုဘူး။ သတင်းလုပ်ငန်းတွေ၊ ပြည်သူတွေအတွက် ထုတ်လွှင့်နေတဲ့သတင်းတွေကို ဆက်ပြီး ထုတ်နေမှာဖြစ်တယ်” ဟု မျက်မှောက်ခေတ်သတင်းဌာနမှ အယ်ဒီတာတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကော်မရှင်၏ လိုင်စင်ပိတ်သိမ်းမှုအပေါ် အလေးထားမည်မဟုတ်ဘဲ ပြည်သူလူထု သိသင့်သိထိုက်သည့် အမှန်တရားများကို မည်သည့်နည်းလမ်းဖြင့်မဆို ဆက်လက်ဖော်ပြသွားမည်ဟု အခိုင်အမာ ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကော်မရှင်သည် ယခင်ကလည်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် နှင့် 7Day News အပါအဝင် သတင်းဌာန ၁၀ ခုထက်မနည်းကို လိုင်စင်ပိတ်သိမ်းခဲ့ဖူးသည်။

မျက်မှောက်ခေတ် (Nowadays News) ကမူ မည်သည့်ဖိအားအောက်တွင်မဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ မီဒီယာကျင့်ဝတ်နှင့်အညီ အမှန်တရားကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ထုတ်ပြန်ထားသည်။