စာသင်ကျောင်းကို စစ်တပ်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိဟု ဗြောင်လိမ်ငြင်းဆိုထားသော သတင်းအမှား

စစ်တပ်က ဝက်လက်မြို့နယ်ရှိ စာသင်ကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်း မရှိဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၃ ရက် ညနေ ၆ နာရီ ၃၈ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ နယ်၊ မုဆိုးခြုံရွာရှိ စာသင်ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည် ဆိုသည်မှာ သတင်းအမှားသာ ဖြစ် ကြောင်း၊ စာသင်ကျောင်းကို စစ်စခန်းအဖြစ် ပြောင်းလဲအသုံးပြုနေသည့် PDF စခန်းကို ချေမှုန်းခြင်းသာ ဖြစ်ကြောင်း၊ ဒီအချိန်မှာ ကျောင်းများ ပိတ်ထားသည့်အချိန်ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို “Ko Thet, တိုက်ပွဲသတင်းစုံ” အပါအဝင် အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကူးယူဖြန့်ဝေထားကြသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/xqGVH
Ko Thet – https://archive.ph/pPkMu
တိုက်ပွဲသတင်းစုံ – https://archive.ph/RxZde

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

Google တွင် “ဝက်လက်မြို့နယ် မုဆိုးခြုံရွာ စာသင်ကျောင်း ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေ ကြည့်ရာ “BBC, CJ Platform, မြေလတ်အသံ” အပါအဝင် မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဧပြီ ၂၃ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာရှိ စာသင် ကျောင်းကို စစ်တပ်က အသေခံဒရုန်း သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းများမှာ စာသင်ကျောင်းဆောင်ပေါ် နှင့် ကျောင်းနံဘေးနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းနံဘေး ရေမြောင်းအတွင်း ရေချိုးနေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ စာသင်ခန်းအတွင်းရှိ ကျောင်းဆရာမ တစ်ဦး နှင့် ကျောင်းသားကျောင်းသူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်သူများကို ဆေးကုသမှုပေးနေပြီး ဆရာမဖြစ်သူမှာ ဒဏ်ရာပြင်းထန် ကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
BBC – https://bitly.cx/ZRPbj
CJ Platform – https://bitly.cx/FFwPM
မြေလတ်အသံ – https://bitly.cx/bfiJf

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းဆရာမနှင့် ကျောင်းသားကျောင်းသူ ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေးထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက “စစ်တပ်က စာသင်ကျောင်းကို ဒရုန်းဖြင့်တိုက်ခိုက် ခြင်းမရှိ” ဟု ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ဗြောင်လိမ်ငြင်းဆိုထားသော သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။