နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယနေ့(ဧပြီ ၂၄ ရက်) ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
မြန်မာနှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)တွင် အကျဉ်းသား ၄,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းကို အထူးတလည်ကြိုဆိုကြောင်းနှင့် ယင်းသည် မြန်မာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ထွန်းလာရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ထားသည်။
“အာဆီယံမူ၅ရပ်က ဒီနေ့အချိန်ထိ စစ်တပ်က အဖက်မလုပ်ပေမဲ့ အာဆီယံကတော့ မိမိရရ ဆုပ်ကိုင် ပြီး တောင်းဆိုနေတုန်းပဲ။ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင် ပြန်လွှတ်ပေးရဲမယ်လို့ မထင် ဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ဆက်လက်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။
အာဆီယံဘုံသဘောတူညီချက်၅ရပ်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ထပ်လောင်းအတည်ပြုလိုက်ပြီး အရပ်သားများ နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် အာဆီယံက တောင်းဆိုသည်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရန်၊ ပဋိပက္ခ ပိုမိုဆိုးရွားလာစေမည့်လုပ်ရပ်များကို ရှောင်ကြဉ်ကြရန်၊ သက်ဆိုင်ရာအားလုံး အစွမ်းကုန် ထိန်းသိမ်းကြရန်၊ လူသားစာနာအကူအညီများ ပေးအပ်နိုင်မည့် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် စသည့်အချက်များကိုလည်း သက်ဆိုင်သူအား လုံးသို့ အာဆီယံက တိုက်တွန်းလိုက်သည်။
မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက်တွင် အာဆီယံခေါင်း ဆောင်များက ချမှတ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်က သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း မည်သည့်အခါမှ လိုက်နာခဲ့ခြင်းမရှိပေ။
