စစ်တပ်သတ်ဖြတ်သဖြင့် တစ်ပတ်အတွင်း ပြည်သူ အနည်းဆုံး ၄၉ ဦး အသက်ဆုံးရှုံး

ဓာတ်ပုံ-CJ
ပုံစာ- ဧပြီ၂၃ရက်က ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာစာသင်ကျောင်းကို စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ပြီး နောက် မြင်ကွင်း

အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ အနည်းဆုံး ၄၉ဦး သေ ဆုံးပြီး ၁၀၂ဦးဒဏ်ရာရရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယနေ့(ဧပြီ၂၄ရက်)ည သတင်း ထုတ်ပြန်သည်။

ဧပြီ၁၇ရက်မှ ၂၃ရက်အတွင်း စစ်တပ်က မြို့နယ်ပေါင်း ၄၉ခုတွင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁၀၃ကြိမ်ကျူးလွန်ခဲ့ကြောင်းနှင့် အရပ်သား၂၂၈ဦးကိုလည်း မတရား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မအလက ခေါင်းပေါင်းစွပ်လိုက်ပေမဲ့ ပြည်သူကို ပစ်မှတ်ထား သတ်တာ မလျော့တဲ့အပြင် ပိုတိုးလာ တယ်။မအလရဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှ ဘာမှ လျော့မသွားဘူး။စစ်မှုထမ်းအတွက် လူဖမ်းတာ တွေလည်း လျော့မသွားဘူး။မျက်နှာဖုံးလဲလိုက်ပေမဲ့ အကြမ်းဖက်မှုကတော့ ဒါပါပဲ”ဟု နယ်စပ်ဒေသ အခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အရပ်သားများကို တိုက်ခိုက်မှုတွင် စစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ် ၄၅ကြိမ်ရှိခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ၂၂ကြိမ်၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လက်နက်ကြီးနှင့် ပစ်ခတ်မှု ၁၀ကြိမ်စီ ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုသည်။

အရပ်သားထိခိုက်သေဆုံးမှု အများဆုံးမှာ စစ်ကိုင်းဒေသဖြစ်ပြီး ဒုတိယအများဆုံးမှာ မန္တလေးနှင့်က ရင်ဒေသဖြစ်သည်။

အရပ်သားဖမ်းဆီးခံရမှု အများဆုံးမှာ မန္တလေးဒေသဖြစ်ပြီး ဒုတိယ စစ်ကိုင်းဒေသနှင့် တတိယ ကချင်ဒေသဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနကဆိုသည်။

ဧပြီ၃ရက်မှ ၉ရက်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် အရပ်သား အနည်းဆုံး ၁၉ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅၀ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနက ထုတ်ပြန်သည်။