အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်း၏ နှစ်ပတ်လည် ကျန်းမာရေးမှတ်တမ်း ထုတ်ပြန်ချက်တွင် ကင်ဆာကျိတ်တစ်ခုကို ဖယ်ရှားခဲ့ရကြောင်း ပေါ်ထွက်လာပြီးနောက်၊ ၎င်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အလွန်ကောင်းမွန်လျက်ရှိသည် ဟု ပြောကြားခဲ့သည်။
ယနေ့တွင် X လူမှုကွန်ရက်၌ တင်ခဲ့သော ပိုစ့်တစ်ခု၌ နေတန်ယာဟုက အောင်မြင်စွာ ခွဲစိတ်ကုသခဲ့သည့် ဆီးကျိတ်ကြီးခြင်း (အန္တရာယ်မရှိသော အကျိတ်) အပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း၊ ဆရာဝန်များက ကနဦးအဆင့်ရှိသော ကင်ဆာကျိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ကုသမှုပြုလုပ်ရာတွင် အဆိုပါ ပြဿနာကို ဖယ်ရှားပေးခဲ့ပြီး မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်ခြင်းမရှိတော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
နေတန်ယာဟုက ၎င်း၏ ကျန်းမာရေးမှတ်တမ်း ထုတ်ပြန်မှုကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ခြင်းမှာ အမေရိကန်၊ အစ္စရေးတို့နှင့် အီရန်တို့အကြား စစ်ပွဲ အရှိန်အမြင့်ဆုံးဖြစ်နေချိန်တွင် ထုတ်ပြန်ခြင်းကို ရှောင်လွှဲလို၍ဖြစ်ပြီး၊ အစ္စရေးအပေါ် အီရန်ဘက်က လုပ်ကြံဝါဒဖြန့်မှုများ ပိုမိုမပြုလုပ်နိုင်စေရန် တားဆီးလိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အသက် ၇၆ နှစ်အရွယ်ရှိ အစ္စရေးခေါင်းဆောင်က ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်တွင် အန္တရာယ်မရှိသော ဆီးကျိတ်ကြီးခြင်းအတွက် ကနဦးခွဲစိတ်မှုကို ခံယူခဲ့ကြောင်းနှင့် ထိုအချိန်မှစ၍ ပုံမှန်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများ ခံယူနေခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ နောက်ဆုံးစစ်ဆေးမှုတွင် တစ်စင်တီမီတာထက် သေးငယ်သော အစက်ကလေးတစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ရဲ့ ဆီးကျိတ်မှာ အသေးစား ကျန်းမာရေးပြဿနာလေး ရှိခဲ့ပေမဲ့ အပြည့်အဝ ကုသမှု ခံယူပြီးပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ အဲဒါက အတိတ်မှာ ကျန်ခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။
၎င်း၏ ရှည်လျားသော ပိုစ့်တွင် နေတန်ယာဟုက “ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အချက်အလက်ကို အချိန်မီရရှိတဲ့အခါ အဲဒါကို ချက်ချင်းဖြေရှင်းချင်လို့” ကုသမှုကို ခံယူရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
၎င်းက “ဒါဟာ နိုင်ငံတော်အဆင့်မှာရော ပုဂ္ဂိုလ်ရေးအဆင့်မှာပါ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ထပ်လောင်းပြောဆိုသည်။
အမေရိကန်က အီရန်နှင့် စစ်ပွဲတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးစာချုပ် ရရှိရန် ကြိုးပမ်းနေချိန်၊ လာမည့် သီတင်းပတ်များအတွင်း နေတန်ယာဟုက အိမ်ဖြူတော်သို့ သွားရောက်ရန် ရှိနေစဉ်အတွင်း ယခုကျန်းမာရေး သတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာ (Hezbollah) တို့အကြား တိုက်ပွဲများအပြီး လက်ဘနွန်နှင့် ချုပ်ဆိုထားသည့် အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း သုံးပတ် ထပ်မံသက်တမ်းတိုးထားသည်။
