နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် သက်ရှိထင်ရှား ရှိ၊မရှိ အာဆီယံခေါင်း ဆောင်များအနေနှင့် ကူညီဆန်းစစ်အတည်ပြုပေးရန် All in One Piece Movement ကတိုက်တွန်း လိုက်သည်။
လက်ရှိအချိန်တွင် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်အားဖြင့် ထိန်းသိမ်းခံထားရသော ဓားစားခံတစ်ဦးဖြစ်နေပြီး အသက် ၈၀ အရွယ် ၎င်း၏ကျန်းမာရေးအတွက် ပြည်သူများက အလွန်စိုးရိမ်လျက်ရှိကြောင်း အာဏာသိမ်း ထိန်းသိမ်းခံရပြီး မကြာမီ ဒေါ်အောင် ဆန်းစုကြည်၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက် အထောက်အထား ဘာမှမတွေ့ရှိရသည်မှာ နှစ်အတော်ကြာလာပြီ ဖြစ်သဖြင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ပိုမိုမြင့်တက်လာစေကြောင်းလည်း ထုတ်ပြန်ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းအားလုံး လွှတ်ပေးဖို့ နိုင်ငံတကာကရော အာဆီယံကပါ တောင်း ဆိုလာပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရဲတဲ့ မင်းအောင်လှိုင်အတွက် ဖိအားဖြစ်နေတာ သေချာတယ်။အာဆီယံက မူ၅ရပ်(မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်)ကို မင်းအောင် လှိုင် မဖော်ဆောင်မချင်း လျှော့ပေးမယ့်ပုံ မပေါ်ဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ပြောသည်။
ထို့ကြောင့် အသွင်ပြောင်းစစ်အုပ်စုအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး သတင်းအချက် အလက်တို့ကို အပြောသက်သက်မဟုတ်ဘဲ အထောက်အထားခိုင်လုံစွာဖြင့် ပြည်သူနှင့်တကွ သူ၏ သားတို့ကို အသိပေးရန် All in One Piece Movement ကတောင်းဆိုသည်။
မြန်မာနိုင်ငံအတွက် အရေးကြီးသောအချိန်အခါတွင် ယုံကြည်စိတ်ချ ပွင့်လင်းမြင်သာသော သတင်းအချက်အလက် အထောက်အထားများက မြန်မာပြည်သူလူထုကို ယုံကြည်မှုနှင့် တည်ငြိမ်မှု ဆောင်ကြဉ်းပေးနိုင်မည်ဟုလည်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး ရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဧပြီ ၂၄ ရက်တွင် တောင်းဆိုလိုက်သည့်အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ယင်းသို့သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း All in One Piece Movement ကဆိုသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာသည့် အထောက်အထားပြရန် All in One Piece Movement က Proof of Life ကမ်ပိန်း ဧပြီ၂၁ရက်မှစတင်ကာ ပြုလုပ်လျက်ရှိသည်။
ဧပြီ၂၂ရက်တွင် နေပြည်တော်၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် သမ္မတတုမင်းအောင် လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားကြောင်းနှင့် ကောင်းမွန်သည့်အခြေအနေ တစ်ခု ဖြစ်လာရန် ချင့်ချိန်စဥ်းစားနေကြောင်း ပြောကြားခဲ့သည်။
