မြေပြင်နှင့် ဝေဟင် အင်အားအလွန်အကျွံသုံးပြီးနောက် ဖလမ်းမြို့ကို စစ်တပ်ပြန်သိမ်းပိုက်

ဓာတ်ပုံ-လူမှုကွန်ရက်

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင် အသည်းအသန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့( ဧပြီ ၂၄ရက်) နံနက် ၃နာရီခန့်တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ချင်းညီနောင်အဖွဲ့၏ သိမ်းပိုက်နိုင်ခဲ့သည့် ဖလမ်းမြို့ကို ပြန်လည်ရရှိရန် စစ်ကော်မရှင်က ယမန်နှစ် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ အနောက်ဘက် သိုင်းငင်းလမ်းမှတစ်ကြောင်း၊ ကလေး-ဂန့်ဂေါလမ်း ဝေဘူလမြို့ဘက်မှတစ်ကြောင်း စသည့် လမ်းကြောင်းများမှတစ်ဆင့် အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုးစစ်ဆင်မှုအတွင်း ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းညီနောင် (CB) နှင့် ချင်းပြည်ကောင်စီ (CC) တို့က ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့သဖြင့် မြေပြင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်ကော်မရှင်သည် မြေပြင်ထိုးစစ်များအပြင် လေကြောင်းမှလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းတို့ကို အသည်းအသန် ပြုလုပ်ခဲ့ပြီးနောက် ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်ကာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်ကော်မရှင်သည် လပိုင်းအတော်ကြာအောင် ထိုးစစ်ဆင်ခဲ့ရခြင်းဖြစ်ပြီး မြို့ပတ်ဝန်းကျင်နှင့် လမ်းကြောင်းတစ်လျှောက်တွင်လည်း နှစ်ဖက်အကျအဆုံးများပြားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဖလမ်းမြို့အတွင်း စစ်ကော်မရှင်တပ်များ ပြန်လည်နေရာယူထားပြီဖြစ်သော်လည်း မြို့ပတ်ဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။