ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၌ တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဖွင့်လှစ်ခဲ့ဖူးသည့် စာသင်ကျောင်းများကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကိုးကန့်တပ် (MNDAA) က ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အထူးဒေသ (၁) တွင် သင်ကြားသည့် သင်ရိုးအတိုင်းသာ သင်ကြားသွားမည်ဟု အထူးဒေသ (၁) မြန်မာပညာရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကွတ်ခိုင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တရုတ်စာကို မဖြစ်မနေ သင်ကြားရမည်မဟုတ်ဘဲ တိုင်း ရင်းသား မိခင်ဘာသာစကားများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“တရုတ်စာ မသင်မနေရ ဆိုတာတော့ မဟုတ်ပါဘူးဗျ။ လာမယ့်ဇွန်လမှာ စာသင်ကျောင်းတွေ အကုန်ဖွင့်ပါမယ်။ သင်ရိုးကတော့ နဂိုကတည်းက အထူးဒေသ (၁) ခရိုင်အားလုံးရဲ့ မြန်မာကျောင်းတွေမှာ သင်တဲ့ KG ကနေ Grade-12 သင်ရိုးအတိုင်းပါပဲ” ဟု အထူးဒေသ (၁) မြန်မာပညာရေး တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောကြားသည်။
ထို့ပြင် ဇွန်လတွင် ဖွင့်လှစ်သွားမည့် စာသင်ကျောင်းများ၌ တိုင်းရင်းသားဆရာ၊ ဆရာမများကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုးကန့် (MNDAA) တပ်သည် ကွတ်ခိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ကျောင်းဆရာ၊ ဆရာမများကို အစည်းအဝေးခေါ်ယူ တွေ့ဆုံခဲ့ကြောင်း ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးထံမှ စုံစမ်းသိရသည်။
“ပြီးခဲ့တဲ့ မတ်လကတည်းက ကိုးကန့်က ကွတ်ခိုင်မြို့ကို ထိန်းချုပ်ပြီး မကြာခင်မှာပဲ TLEC ဆရာမတွေကို အစည်းအဝေးခေါ်တယ်။ သူတို့ (ကိုးကန့်) တပ်မှာ တာဝန်ပြန်ထမ်းဆောင်လို့ရတဲ့ အကြောင်းတွေ ပြောတယ်။ ဖိအားပေးတာတော့ မကြားမိဘူး။ သို့သော်လည်း ငြင်းပယ်နေတဲ့ ဆရာ၊ ဆရာမက များတယ်လို့ ပြောတယ်။ လောလောဆယ်တော့ မနက်ပိုင်းမှာ တရုတ်စာတွေ သင်ကြားပေးနေပါပြီ။ ကျောင်းဆရာ၊ ဆရာမတော့ လုံလောက်မှု ရှိဦးမှာမဟုတ်ဘူးလို့ မြင်တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အထိတော့ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ဆိုသည်။
ကိုးကန့်တပ်၏ အထူးဒေသ (၁) တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀,၀၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ၈၀၀ ကျော်ဖြင့် သင်ကြားသွားမည်ဖြစ်သည်။
“ပြည်သူတစ်ယောက်အနေနဲ့ကတော့ ဘယ်အဖွဲ့ပဲလာလာ အုပ်ချုပ်တဲ့အဖွဲ့တိုင်းက ဒီလိုပဲလုပ်မှာပဲ။ စစ်ကော်မရှင် ရှိတုန်းကလည်း သူတို့ကျောင်းပေါ့။ တအာင်းတပ်ရှိရင်လည်း တအာင်းကျောင်း၊ ကိုးကန့်တပ်လာပြန်တော့လည်း သူတို့ဖွင့်တဲ့ကျောင်းပေါ့။ အဓိက မြေစာပင်ဖြစ်တာက ဘယ်သူတွေလဲ၊ ကလေးငယ်တွေပဲ။ တစ်ဖွဲ့လာရင် သင်ရိုးတစ်မျိုး၊ နောက်တစ်ဖွဲ့လာရင်လည်း သင်ရိုးတစ်မျိုး။ ဒီနှစ်ကော ဘယ်လိုလာဦးမှာလဲ၊ ကျောင်းစရိတ် ဘယ်လောက်ကုန်မှာလဲ မသိသေးဘူး။ လူထုက ဒီဒုက္ခတွေကို ဘယ်လောက်ထိ ခံစားရဦးမှာလဲ” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
ကွတ်ခိုင်မြို့ကို ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း တအာင်းတပ် (TNLA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း MNDAA ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့်အတွက် မတ် ၁၅ရက်တွင် TNLA က မြို့ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
