စစ်တပ်၏ ဗုံးအလုံး ရာချီကြဲကာ အင်အားများစွာဖြင့် မြေပြင် စစ်ကြောင်းထိုးမှုကြောင့် ဖလမ်းမြို့မှ ချင်းပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း မြို့အနီးတိုက်ပွဲဆက် ဖြစ်နေကြောင်း သိရသည်။
ယနေ့ ( ဧပြီ ၂၅ရက် )၊ နံနက် ၃ နာရီခန့်က ဖလမ်းမြို့ကို စစ်တပ်က လေကြောင်းပစ်ကူအများအ ပြား အသုံးပြုကာ မြေပြင်စစ်ကြောင်း ၂ကြောင်း ခွဲထိုးခဲ့ရာ ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်မှ ချင်းပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း ဖလမ်းမြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
” သူတို့တွေ ၁၉ရက်နေ့က ဗားရ်( တံတား ) ကို တက်လာပြီးကတည်းက စစ်ကြောင်း ၂ကြောင်းခွဲပြီး တောက်လျှောက်အင်အားရာချီနဲ့ တိုးလာနေတာ။ ဗုံးကြဲတာလည်း လေယာဉ်၄၊ ၅စီးနဲ့ ဗုံးရာချီကြဲ တဲ့အနေအထားဖြစ်တယ်။ အဖွဲ့တွေလည်း တော်တော်လေး ခုခံခဲ့ပေမဲ့ ခုတော့ ပြန်ဆုတ်ပေးလိုက် ရပါပြီ ” ဟု ၎င်းကပြောသည်။
ဖလမ်းမြို့ကို ၂၀၂၅ခု၊ ဧပြီလတွင် ချင်းညီနောင်က သိမ်းပိုက်ထားပြီး တစ်နှစ်အကြာ၌ စစ်တပ်က ပြန်လည်သိမ်းယူသွားခြင်းဖြစ်သည်။
” မြို့ကို စစ်တပ်က ပြန်ရသွားတာ မှန်ပါတယ်။ ဖလမ်းမြို့အနီးနားမှာ တိုက်ပွဲ ဆက်ဖြစ်နေသေး တယ်” ဟု Chinland Council ( CC ) ၏ Ministry of Defence သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Nai John Kim က ပြောသည်။
စစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ခု အောက်တိုဘာ ၂၉ရက်က စတင်၍ ကလေး- ဝေဘူလ လမ်းပိုင်း၊ ကလေး- သိုင်းငင်း လမ်းပိုင်းတို့မှ စစ်ကြောင်း ၂ကြောင်းခွဲကာ အင်အားထောင်ကျော်ဖြင့် စတင်စစ်ကြောင်းထိုးခဲ့သည်။
