နတ်မောက်မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်များ ဝင်တိုက်၊ စစ်သား ၄ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - သရက်ခရိုင်အမှတ် ၃ တပ်ရင်း
ပုံစာ - ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မြို့အဝင်ဂိတ်။

မကွေးတိုင်း၊ နတ်မောက်မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဧပြီ ၂၄ရက်၊ ညနေ ၄နာရီခန့်တွင် နတ်မောက်မြို့၊ တောင်ဘက်အဝင်ဂိတ်ကို တော်လှန်ရေးတပ် များက ဝင်ရောက်တိုင်ခိုက်ခဲ့ရာ အဓိကဘန်ကာ တစ်ခု၊ ကင်းမျှော်စင်ဘန်ကာ တစ်ခုနှင့် ဘန်ကာ အသေးတစ်ခုတို့ကို ချေမှုန်းနိုင်ခဲ့ကြောင်း သရက်ခရိုင်အမှတ် ၃တပ်ရင်းက သတင်း ထုတ်ပြန်သည်။

” ဝင်ရောက်မဖျက်ဆီးနိုင်ခဲ့ပါဘူးဗျ။ ဘန်ကာတစ်လုံးတည်းမှာ ၂ယောက်က ခံပစ်နေတာ” ဟု သရက်ခရိုင်အမှတ် ၃တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။

လက်ကျန် ဘန်ကာ တစ်ခုကို ဆက်လက်တိုက်ခိုက်နေစဥ် နတ်မောက်မြို့ပေါ်မှ တိုက်ပွဲဧရိယာထဲသို့ ၁၂၀မမ ၊ ၆၀မမ လက်နက်ကြီးတို့ဖြင့် ပစ်ကူပေးပြီး ဒရုန်း ၂စီးဖြင့်ပြန်လည်ခုခံခဲ့သောကြောင့် တော်လှန်ရေးရဲဘော်များ ခွာစစ်ဆင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း PDFရဲဘော် ၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃တပ်ရင်း ၊ Aung San’s Land – NatMauk နှင့် နတ်မောက် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ )တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။