တရုတ်သံရုံးက ထုတ်ပြန်သော သမ္မတတုမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ တွေ့ဆုံမှုသတင်းအောက်တွင် မြန်မာပြည်သူ၅၀၀ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
သမ္မတတုမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခြင်းသတင်းကို ယနေ့(ဧပြီ၂၆ ရက်)နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့ ခြင်းဖြစ်ပြီး ယင်းသတင်းဖော်ပြမှုကြာချိန် ၈နာရီအတွင်း ပြည်သူ၅၀၀ကျော်တို့က comment များရေးကာ ရှုတ်ချခဲ့ခြင်းဖြစ်သည်။
“ဝမ်ယိလာပြီးရင် တိုင်းပြည်ဒုက္ခရောက်တော့တာပဲ”ဟု Bo Thanmani အကောင့်ပိုင်ရှင်က comment ရေးသားထားသည်။
အဆိုပါတွေ့ဆုံမှုတွင် သမ္မတတုမင်းအောင်လှိုင်က မိမိ သမ္မတဖြစ်ပြီး နာရီပိုင်းအတွင်း တရုတ်သမ္မတရှီကျင့်ဖျင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းအပေါ် အထူးကျေးဇူးတင်ကြောင်း ပြော ကြားခဲ့ပြီး ဝမ်ယိကလည်း ယင်းသို့ပေးပို့ခဲ့ခြင်းမှာ တရုတ်နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် အလေးအနက်ထားမှုကို ပြသခြင်းဖြစ်သည်ဟု ပြောကြောင်း ဖော်ပြထားသည်။
“သမ္မတသည် ဦးဝင်းမြင့်၊ မင်းအောင်လှိုင်သည် ရာဇဝတ်ကောင်သာဖြစ်သည်”ဟုလည်း Sting Sting အကောင့်ပိုင်ရှင်က ရေးသားသည်။
မြန်မာပြည်သူအချို့ ရေးသားသော comment ထဲတွင် မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေခြင်းအပေါ် အပြင်းအထန်ရှုတ်ချမှုများလည်း ပါဝင်သည်။
“စစ်တပ်ကို တရုတ်ရဲ့ စုံလုံးကန်းထောက်ခံမှုက ပြန်ဆွဲနှုတ်ဖို့ မလွယ်လောက်အောင် ကျွံနေပါပြီ။ ကိုယ်တွေဘက်က ညီညွတ်မှုအင်အားနဲ့သာ ရှေ့မဆက်နိုင်ရင် ကြာလာလေ ပိုခက်လေ ဖြစ်မယ်”ဟု ရန်ကုန်အခြေစိုက် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ပြောသည်။
မင်းအောင်လှိုင်နှင့် ဝမ်ယိတို့သည် ဧပြီ၂၅ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
တရုတ်သံရုံးက ထုတ်ပြန်သော တရုတ်အစိုးရနှင့်စစ်အုပ်စုသတင်းများကို မြန်မာပြည်သူတို့က comment Box မှနေ၍ အပြင်းအထန် ရှုတ်ချလေ့ရှိသည်။
