ထိုင်း စတော့အိတ်ချိန်းဝင်ကုမ္ပဏီ ရှယ်ယာများကို ဝယ်ယူရန် မြန်မာစစ်လက်နက်ပွဲစား ကွန်ရက် ကြိုးပမ်းနေ

ဓာတ်ပုံ - Justice For Myanmar

ထိုင်း စတော့အိတ်ချိန်းဝင်ကုမ္ပဏီ ရှယ်ယာများကို ဝယ်ယူရန် မြန်မာစစ်လက်နက်ပွဲစား ကွန်ရက်က ကြိုးပမ်းနေကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် Advanced Connection Corporation Public Company Limited (ACC) ၏ အစုရှယ်ယာရှင်များသည် ဒဏ်ခတ်အရေးယူခံထားရသည့် မြန်မာစစ်လက် နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွှယ်နေသော ကုမ္ပဏီများအား အစုရှယ်ယာအများဆုံး ပိုင်ဆိုင် သောအုပ်စုတစ်ခုဖြစ်လာစေမည့် သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချရေးအတွက် မဲခွဲဆုံးဖြတ်ရန် စီစဥ်ထားကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ကျော်မင်းဦးသည် မြန်မာလေတပ်က ရုရှားလေယာဉ်များ ဝယ်ယူရာတွင် အဓိကပွဲစားတစ်ဦးဖြစ်ပြီး ဝယ်ယူမှုများကို ၎င်း၏ Sky Aviator ကုမ္ပဏီကွန်ရက်မှတစ်ဆင့် လုပ်ဆောင်ခဲ့သလို ယင်းကုမ္ပဏီ ကွန်ရက်တွင် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အတွင်းမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

တရားမဝင် မြန်မာစစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုမြောက်သည့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသော မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်နေရာတွင် ရုရှားလေယာဉ်များကို အသုံးပြုနေပြီး ကျော်မင်းဦးနှင့် ၎င်း၏စီးပွားဘက်များသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိကြောင်း သိရသည်။

“ACC ဟာ ထိုင်း စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာ လေးပုံတစ်ပုံနီးပါးကို အရပ်သားပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့အတွက် တရားမဝင်မြန်မာ စစ် အုပ်စုကို စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ စစ်လက်နက်ပွဲစားကွန်ရက်မှာ ပါဝင်နေတဲ့ကု မ္ပဏီတွေထံ လွှဲပြောင်းပေးအပ်ဖို့ ကြိုးပမ်းနေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆို ခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ကျော်မင်းဦးသည် ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်မှတ်တမ်းများလည်း ရှိထားပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် ၎င်းသည် မြန်မာနိုင်ငံသားကြံရာပါနှစ်ဦးနှင့်အတူ စင်ကာပူနိုင်ငံအတွင်းမှ စင် ကာပူဒေါ်လာ ၅သိန်းကျော်ကို သက်ဆိုင်ရာဌာနထံ အစီရင်ခံ ကြေညာခြင်းမရှိဘဲ သယ်ယူရွှေ့ ပြောင်းရန် ကြိုးပမ်းခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် စစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုများတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခြင်းအတွက် အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ကျော်မင်းဦးကို ဒဏ်ခတ်ပိတ် ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။

” ဒါပေမဲ့ ACC စီမံခန့်ခွဲမှုအဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လက်နက်ပွဲစား ကွန်ရက်တွေထဲက တစ်ခုကို ထိုင်းအများပိုင်ကုမ္ပဏီတစ်ခုမှာ အရေးပါတဲ့နေရာတစ်ခု ပေးအပ်ဖို့အ တွက် မဲခွဲဆုံးဖြတ်မှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ထိုင်းစတော့ အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုကို နိုင်ငံတကာရာဇဝတ်မှုတွေကနေ ရရှိလာတဲ့ငွေကြေး တွေ ငွေကြေးခဝါချရာလမ်းကြောင်းတစ်ခုအဖြစ် ရောက်ရှိသွားခြင်းကနေ ကာကွယ်ဖို့အတွက် ဟန့် တားဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု မရတနာမောင်က ဆက်လက်ပြောသည်။

ယင်း သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုများနှင့်စပ်လျဉ်း၍ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ပူပန်မှု များကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ACC ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့ထံသို့လည်းကောင်း၊ မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)၊ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) နှင့် ထိုင်းစတော့အိတ်ချိန်း (SET) တို့ထံသို့ လည်းကောင်း ပေးပို့တင်ပြခဲ့သည့်အပြင် မြန်မာစစ်တပ်အတွက် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်စည်များ ရောင်းဝယ်မှုနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်နေ့တွင် စင်ကာပူ အကောက်ခွန်ဌာန ထံသို့လည်း တင်ပြခဲ့ကြောင်း JFMကထုတ်ပြန်သည်။

မတ်လ ၂၃ ရက်နှင့် ဧပြီ ၂၀ ရက်နေ့များတွင် SEC သည် အဆိုပါ သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်း ချမှုများနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို တင်ပြရန် ACC ကုမ္ပဏီကို ညွှန်ကြား ခဲ့ပြီး၊ ယင်းသို့ မတင်ပြပါက ယင်းရှယ်ယာလွှဲ ပြောင်းရောင်းချမှုများကို အတည်ပြုခြင်းမရှိဟု သတ်မှတ်နိုင်ကြောင်း သတိပေးခဲ့သည်ဟုဆိုသည်။

ယင်း သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုအဖြစ် ACC ကုမ္ပဏီ၏ စုစုပေါင်း ၂၃ဒဿမ၂၅ရာခိုင်နှုန်း အစုရှယ်ယာကို ထိုင်းနိုင်ငံရှိ အမည်ခံဟန်ပြကုမ္ပဏီနှစ်ခုဖြစ်သော Sky Avia Trading Co., Ltd. နှင့် Heli Asia Trading Co., Ltd. တို့ထံသို့ ဘတ် သန်း၃၀၀ (အမေရိကန် ဒေါ်လာ ၉ဒဿမ၃ သန်း) ဖြင့်ရောင်းချမည်ဖြစ်ပြီး ယင်းလွှဲပြောင်းရောင်းချမှုတွင် ထိုင်းနိုင်ငံသား တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံ သူတစ်ဦးလည်း ပါဝင်သည့် စုစုပေါင်း ဘတ်သန်း ၃၅၀ (အမေရိကန် ဒေါ်လာ ၁၀.၈ သန်း) တန်ဖိုးရှိ လွှဲပြောင်းရောင်းချမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။

ယင်း ထိုင်း ဟန်ပြကုမ္ပဏီများကို ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံရှိ Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့၏ လက်အောက်ခံကုမ္ပဏီများအဖြစ် တည်ထောင်ထားခဲ့ခြင်း ဖြစ် ပြီး စင်ကာပူကုမ္ပဏီများကို ၂၀၁၅ ခုနှစ်တွင် ကျော်မင်းဦးက တည်ထောင်ခဲ့ကာ “ရဟတ်ယာဉ်နှင့် လေယာဉ်အပိုပစ္စည်းများ ရောင်းဝယ်ရေး” လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း JFM ကဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများအား Sky Aviator ကွန်ရက်တစ်ခုလုံးအပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် စစ်အုပ် စု၏ အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများကို အားပေးကူညီနေ သည့် အခြားသော စစ်လက်နက်ပွဲစားကွန်ရက်များကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး တိုးမြှင့်ဆောင်ရွက်ရန် JFMက တောင်းဆိုထားသည်။