လော်ဘီများက မင်းတပ်မြို့ကို ပြန်သိမ်းရန် ဖိအားပေးပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေ

ဓာတ်ပုံ - CDF Mimdat
ပုံစာ - မင်းတပ်မြို့ကို သိမ်းပိုက်ထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်

စစ်ကော်မရှင်၏ လော်ဘီများက မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် ဖိအားပေးပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်တပ်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခု ဖြစ်သည့် မှိုင်းဝေချန်နယ်၌ “တပ်မတော် တိုက်ခိုက်ရေး စစ်ကြောင်းကြီးတွေက မင်းတပ်မြို့ကို အရင်သိမ်းမှာလား၊ အင်းတော်မြို့ကို အရင်သိမ်းမှာလား” ဟု ရေးသားထားခြင်း ဖြစ်သည်။

ထိုကဲ့သို့ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် မြို့များပြန်လည်သိမ်းပိုက်ရန် ဖိအားပေးခဲ့ပြီးနောက် စစ်ကော်မရှင်၏ ရှမ်းတဲလေတပ်၊ တံတားဦးလေတပ်နှင့် မကွေးလေတပ်တို့မှ ATR-42 ကင်းထောက်ယာဉ် ပျံသန်းမှုများ ခပ်စိတ်စိတ် လုပ်ဆောင်ခဲ့ကြသည်။

“ကင်းထောက်လေယာဉ်တွေကတော့ လာတယ်။ သင်္ကြန်တွင်းတုန်းကလည်း ဝဲနေတာပဲ။ အရင်တစ်ပတ်ထဲက ဖလမ်းမှာလည်း တိုက်ပွဲဖြစ်နေတာဆိုတော့ ဖိုက်တာတက်ရင်လည်း တစ်ခါတက်ရင် နှစ်စင်း၊ သုံးစင်း ပြိုင်တက်တာ။ ကင်းထောက်ပြီးရင် ကြဲတတ်တဲ့ သဘောရှိတော့ သတိထားဂရုစိုက်နေရတယ်” ဟု ထီးလင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် ယမန်နေ့ (ဧပြီ ၂၅ ရက်)၊ ညနေပိုင်း၌ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) မှ ထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်မှာ ဆော – မင်းတပ် – ကျောက်ထုလမ်းဆုံအနီးရှိ ကံကြီးကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။

“လော်ဘီတွေကလည်း မင်းတပ်ပြန်သိမ်းနိုင်ဖို့ ပြောနေကြတယ်။ ညကလည်း ဆောမြို့နယ်ထဲက ကံကြီးရွာဘက်ကို စစ်အင်အားတွေ ဖြည့်နေတယ်လို့ သိရတယ်။ ကံကြီးရွာဘက်က စစ်ကြောင်းက အညာငါးရွာဘက်ကို စစ်ကြောင်းဖြန့်ထွက်တယ်လို့ သိရတယ်။ ဆောနဲ့ မင်းတပ်က နီးတယ်” ဟု ဆောမြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်အနေဖြင့် နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။

စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် အတုအယောင်သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် ဧပြီ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်၌ ဂျက်ဖိုက်တာ သုံးစင်းဖြင့် မင်းတပ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အလုံး ၂၀ နှင့် ကား ၄ စီး ထိခိုက်ပျက်စီးခဲ့သည်။

“မင်းတပ်မြို့ပေါ်မှာက စစ်တပ်ဗုံးကြဲတာကြောင့် အိမ်တွေက အတော်များများ ပျက်စီးနေပြီ။ အသစ်လည်း ပြန်ဆောက်လို့မရသေးဘူး။ ဒီကြားထဲမှာလည်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီက တိုက်ပွဲမရှိလည်း ခဏခဏ ဗုံးလာကြဲတယ်” ဟု မြေပြင်အခြေအနေ သိရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း၌လည်း စစ်ကော်မရှင်က မင်းတပ်မြို့အနောက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်၌ မင်းတပ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ချင်းညီနောင် (CB) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးနောက်၊ စစ်ကော်မရှင်က ယခုတစ်ဖန် ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက်၌ စစ်ကော်မရှင်က မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ် ၉ ခုမှ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ချင်းပြည်နယ်ရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်တို့ ပါဝင်ထားပြီး၊ ယမန်နေ့ (ဧပြီ ၂၅ ရက်) ၌ ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့နယ်ကို မြေပြင်နှင့် ဝေဟင် စစ်အင်အား အလွန်အကျွံအသုံးပြု၍ ပြန်လည်သိမ်းပိုက်ခဲ့သည်။