ရေးမြို့နယ် ထွေအုပ်ဝန်ထမ်းအပါအဝင် ဝန်ထမ်းလေးဦး ဖမ်းဆီးခံရပြီး တစ်ပတ်ကြာသည်အထိ လွတ်မြောက်လာခြင်းမရှိသေး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - နှစ်ကရင်ကျေးရွာအဝင်ဝနှင့် ရေး-မော်လမြိုင်အမှတ်(၈)လမ်းပိုင်းတွင် ပူးပေါင်းတပ်များ စစ်ဆေးမှုပြုလုပ်ခဲ့စဉ်(ပုံအဟောင်းအား အသုံးပြုထားသည်)

မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ဝန်ထမ်းအပါအဝင် ဝန်ထမ်းလေးဦးကို တော်လှန်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က မော်လမြိုင်မြို့မှ ရေးမြို့သို့ ပြန်လာသည့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသုံးဦးကို မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းတွင် အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ၂၄ ရက်နေ့တွင် ခေါဇာမြို့ စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူသည် မုဒုံမြို့မှ ရေးမြို့အပြန် နှစ်ကရင်ကျေးရွာလမ်းဝတွင် အဖွဲ့တစ်ခု၏ ထပ်မံဖမ်းဆီးခြင်း ခံခဲ့ရသည်။

“သူတို့ အစည်းအဝေးသွားတက်ပြီး ပြန်လာတာ၊ ရေးကို ပြန်လာတဲ့လမ်းမှာ ဖမ်းခံလိုက်ရတယ်လို့ပဲ သတင်းရတယ်၊ အခုထိတော့ အိမ်မရောက်သေးဘူး၊ သုံးယောက်က တစ်ပတ်လောက်ရှိပြီပေါ့၊ ကျန်တဲ့တစ်ယောက်က မကြာသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။

မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းတွင် မွန်တော်လှန်ရေးအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ၊ KNU/KNLA တပ်များ၊ Local PDF များအပြင် ရေးဘီလူးတပ်ရင်းတို့ လှုပ်ရှားလျက်ရှိကြသည်။

အဆိုပါဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြောသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

“ဟုတ်တယ်၊ NUG တပ်က ဖမ်းထားတာလို့ပဲ သိထားတာ၊ ကျန်တာက သူတို့ ဘယ်လို စီစဉ်ဆောင်ရွက်နေလဲဆိုတာ မသိရဘူး” ဟု ၎င်းက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ တပ်တာဝန်ရှိသူများကို MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

လက်ရှိ ဖမ်းဆီးခံထားရသည့် Non-CDM ဝန်ထမ်းများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသလို အဆက်အသွယ်မရ ဖြစ်နေကြောင်း မိသားစုဝင်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့ကို တာဝန်အရ စစ်ဆေးနေတုန်းပါပဲ၊ ကိစ္စပြီးရင် အပြစ်မရှိရင် ပြန်လွှတ်ပေးမယ်လို့ ကြားတယ်” ဟု မွန်ဒေသအခြေစိုက် NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခြင်းခံရသူများသည် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်တင်ဝင်းအပါအဝင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ခေါဇာမြို့ စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူတို့ ဖြစ်ကြသည်။

လက်ရှိ ၎င်း Non-CDM ဝန်ထမ်းများ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကော်မရှင် တပ်များက ရေးလမ်းပိုင်းတစ်လျှောက်တွင် စစ်ကြောင်းထိုး လှုပ်ရှားမှုအရှိန်မြှင့်ထားပြီး ပြန်လည်ကယ်ဆယ်မည်ဟု စစ်တပ်လော်ဘီ သတင်းဌာနများက ရေးသားဖြန့်ဝေနေကြသည်။

မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းတွင် စစ်ကော်မရှင်လက်အောက်ခံ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးအဖွဲ့များက မကြာခဏ ဖမ်းဆီးမှုများရှိနေသော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက အပြစ်မရှိလျှင် ပြန်လွှတ်ပေးလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လလယ်ပိုင်းက ရွေးကောက်ပွဲသင်တန်းတက်ရန်သွားသည့် ရေးမြို့နယ် အထက်တန်းကျောင်းအုပ်အပါအဝင် ဆရာမလေးဦးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တပ်များက ဖမ်းဆီးခဲ့ဖူးသည်။