မာလီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဂျင်နရယ် ဆာဒီယို ကာမာရာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို ပူးပေါင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးရား သတင်းရင်းမြစ်များက အတည်ပြုဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ မြို့တော်ဘာမာကိုနှင့် ၁၅ ကီလိုမီတာခန့်အကွာရှိ ကာတီတပ်နယ်မြို့မှ ၎င်း၏နေအိမ်ကို အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် တွာရက်ဂ်သူပုန်များက တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်သူများသည် အလွန်လုံခြုံသည်ဟု ယူဆရသော အဆိုပါဒေသကို အသေခံမော်တော်ယာဉ်ဗုံးများ အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ဂျင်နရယ် ဆာဒီယို ကာမာရာသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိစစ်အစိုးရအတွင်း ဩဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့ အနာဂတ်တွင် နိုင်ငံတော်ခေါင်းဆောင် ဖြစ်လာနိုင်ခြေရှိသူအဖြစ်လည်း ရှုမြင်ခံခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် ၎င်းသေဆုံးမှုမှာ မာလီတပ်မတော်အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါသည်။ ယင်းတိုက်ခိုက်မှုအတွင်း ကြားဖြတ်သမ္မတ အစီမီဂွီတာမှာမူ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိဘဲ စစ်တပ်ကို ဆက်လက်ကွပ်ကဲနေကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများသည် မြို့တော်ဘာမာကိုအပြင် ဂါအို၊ ကီဒါနှင့် ဆီဗာရေးစသည့် မြို့ကြီးများတွင်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများမှာ ၂၄ နာရီကျော်ကြာသည့်တိုင်အောင် ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါသည်။
အထူးသဖြင့် ကီဒါမြို့တွင် လက်နက်ကြီးများဖြင့် ပေါက်ကွဲသံများနှင့် သေနတ်သံများမှာ ယခုတိုင် ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
