ထုတ်ဝေပြီး စာအုပ်ကြောင့် ဖမ်းခြင်းသည် ဟစ်တလာကဲ့သို့ အတိတ်ကို ဓားစာခံလုပ်ခြင်း သမိုင်းကို သင်းသတ်ခြင်းဖြစ်

ဓာတ်ပုံ - စာရေးဆရာကြီး ဦးတင်ညွန့် Facebook

စာရေးဆရာကြီး ဦးတင်ညွန့်အား ယခင် ရေးသားခဲ့သည့် စာအုပ်များကြောင့် ဖမ်းဆီးခြင်းသည် နာဇီ အာဏာရှင် ဟစ်တလာလုပ်ခဲ့သကဲ့သို့ အတိတ်ကို ဓားစာခံလုပ်၊ သမိုင်းကို သင်းသတ်သည့် လုပ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။

အာဏာသိမ်း စစ်တပ်သည် ဧပြီ ၂၃ ရက်က စာရေးဆရာကြီး ဦးတင်ညွန့်အား ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရခြင်းမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အစိုးရများ ခွင့်ပြုချက်ဖြင့် ထုတ်ဝေခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ လျှို့ဝှက်ချက်များအကြောင်း ရေးသားခဲ့သည့် စာအုပ်များကြောင့်ဟု သိရသည်။

ယင်းမှာ ဟစ်တလာနှင့် သူ၏ နာဇီပါတီ အာဏာရလာပြီးနောက် ပြုမူခဲ့သည့် လုပ်ရပ်များအတိုင်း သမိုင်းကို သင်းသတ် အတိတ်ကို ဓားစာခံ လုပ်သည့် ဖြစ်ရပ်ဟု ဥပဒေပညာရှင်တစ်ဦးက ဝေဖန်ထောက်ပြသည်။

“၁၉၃၃ မှာ ဟစ်တလာက အရင် ဝိုင်မာ သမ္မတနိုင်ငံခေတ်တုန်းက ရေးသားခဲ့တဲ့ စာအုပ်တွေကို အဖျက်စာပေအဖြစ် လူပုံအလယ် မီးရှို့ဖျက်ဆီးတာတွေ၊ ရေးတဲ့သူတွေကို သစ္စာဖောက်အဖြစ် သတ်မှတ် ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်။ အခုလည်း ဆရာကြီးကို ဒီလို ဖမ်းတာဟာ ဟစ်တလာလိုပဲ အတိတ်ကို ဓားစာခံလုပ်တာ၊ သမိုင်းကို လိုသလို ပုံသွင်းဖို့ သင်းသတ်တဲ့ လုပ်ရပ်ပါပဲ” ဟု အဆိုပါ ဥပဒေပညာရှင်က ပြောသည်။

ထို့ပြင် တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း ဥပဒေအရ ဆိုပါက ယင်းသို့ ဖမ်းဆီးခွင့်မရှိသော်လည်း လက်ရှိကာလတွင် ဥပဒေဟူသည် အာဏာသိမ်း စစ်တပ်၏ လိုသလို အဓိပ္ပာယ် ဖွင့်ဆိုမှုအောက် ရောက်နေသဖြင့် ၎င်းတို့ ဖမ်းဆီးလိုပါက ဖမ်းဆီးမည်သာ ဖြစ်သည်ဟု ပြောသည်။

“ပုံမှန်ဆိုရင်တော့ ဖမ်းခွင့်မရှိဘူး။ ဒါပေမဲ့ အာဏာသိမ်းတာတောင် သူတို့က တရားဝင်တယ် လုပ်ထားတာလေ။ ဒီတော့ ဥပဒေက သူတို့ ပါးစပ်ထဲမှာပဲရှိတယ်။ သူတို့ ဖမ်းချင် ဖမ်းမှာပါပဲ” ဟု ၎င်းက ပြောသည်။

အလားတူ ဆရာကြီး ဦးတင်ညွန့်အား ရေးသားခဲ့သည့် စာအုပ်များကြောင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီ အရေခြုံလာသည့် မင်းအောင်လှိုင်၏ အရေခွံ ကွာကျသည့် ဖြစ်ရပ်ပင် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။

“ဒီမိုကရေစီဆိုရင် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ ပြောဆိုခွင့် ရှိရပါတယ်။ အခုက နောက်ကြောင်းပြန်ပါ အရေးယူတယ်ဆိုတော့ ဒါဟာ မင်းအောင်လှိုင်ရဲ့ အရေခြုံထားတဲ့ ဒီမိုကရေစီ အရေခွံကွာကျတာပါပဲ။ ပြည်တွင်းက နိုင်ငံရေး သမား ဆရာ့ ဆရာကြီးတွေ ဘာပြောချင်လဲလို့တောင် မေးခွန်းထုတ်လိုက်ချင်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်း စစ်တပ်သည် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးတင်ညွန့်နှင့် စာအုပ်ထုတ်ဝေရေး လုပ်ကိုင်နေသည့် သားဖြစ်သူတို့အား ဧပြီ ၂၃ ရက်က သန်လျင်မြို့ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထားသည်ဟု သိရသည်။

ထိုသို့ ဖမ်းဆီးရခြင်းမှာ ဆရာကြီး ယခင်က ရေးသားခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ လျှို့ဝှက်ချက်များအကြောင်း စာအုပ် သုံးအုပ်ကြောင့်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။