တပ်တွင်း သတင်းပေးနှင့် ပူးပေါင်းပြီး စကခ ၁၉ လက်နက်တိုက်ကို တော်လှန်ရေးတပ်ဖွဲ့ ဖောက်ခွဲ၊ လက်နက် ၂၀၀ ခန့် ပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖားအင်အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အတွင်းရှိ ပင်မလက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ယနေ့(ဧပြီ ၂၉ရက်)တွင် ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း (UG) လှုပ်ရှားတပ်ဖွဲ့နှင့် စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးများ ပူးပေါင်းကာ ဧပြီ ၁၉ ရက်နေ့တွင် ဝင်ရောက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် စတင်ခဲ့သည့် အဆိုပါဖောက်ခွဲမှုကြောင့် လက်နက်တိုက်အတွင်းရှိ ဒရုန်း (Drone) ဗုံးသီးများနှင့် လက်နက်ကြီးကျည်များ ပေါက်ကွဲခဲ့ပြီး ၎င်းမှတစ်ဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်နှင့် ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

ဤဖြစ်စဉ်ကြောင့် ဗဟိုကင်းအတွင်းရှိ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၂၀၀) ခန့် ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အချိန်နှင့် ငွေကြေးအမြောက်အမြား အသုံးပြုကာ သတင်းအချက်အလက်များကို စနစ်တကျစုဆောင်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးလေ့လာသူတစ်ဦးက “ဒါဟာ စစ်ကော်မရှင်အတွက် စစ်ရေးအရရော၊ စိတ်ဓာတ်ရေးရာအရပါ တော်တော်လေး အထိနာစေတဲ့ ကိစ္စပါ။ တပ်မဌာနချုပ်လို နေရာမျိုး၊ လက်နက်တိုက်လို အချက်အချာကျတဲ့နေရာကို UG တွေ ဝင်ရောက်ဖောက်ခွဲနိုင်တယ်ဆိုတာ တပ်တွင်းလုံခြုံရေး ယိုယွင်းနေပြီဆိုတာ ပြနေတာပဲ။ အထူးသဖြင့် တပ်တွင်းက ဖရဲသီးတွေနဲ့ ချိတ်ဆက်မိသွားတာက စစ်ကော်မရှင်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ” ဟု သုံးသပ်သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီ ၂၀ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ဦးစီးသောအဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ရေးမြို့သို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေး ၄.၉ ဘီလီယံကျော်ကို ခလရ (၆၁) တပ်ရင်း၌ လာရောက်အပ်နှံထားစဉ် သိန်း ၄၀၀ ခိုးယူမှုဖြင့် ဗိုလ်မှူးဟိန်းစံအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းရရှိသည်။

ကျန်ရှိနေသည့် ပျက်စီးလက်နက်ခဲယမ်းများကို ဧပြီ ၂၁ ရက် ညနေပိုင်းတွင် ခလရ (၆၁) တပ်ရင်းရှိ စစ်ပစ်ကွင်း၌ စစ်ကော်မရှင်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်နှင့် ပူးပေါင်းပါဝင်ခြင်းမပြုကြရန်နှင့် ပူးပေါင်းပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိုက်သင့်သောအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက သတိပေးနှိုးဆော်ထားသည်။