စစ်ကော်မရှင်ထိန်းချုပ်ထားသည့် လားရှိုးတွင် သူခိုး၊ ဓားပြများ နေ့စဉ်သောင်းကျန်းနေ

ဓာတ်ပုံ-ပေးပို့
ပုံစာ-လားရှိုးမြို့နေရာအချို့အားတွေ့ရစဉ်

စစ်ကော်မရှင် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နေ့စဉ်သောင်းကျန်းနေသည့် သူခိုး၊ ဓားပြများကို အရေးယူဖမ်းဆီးခြင်း မရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်တပ်က သူခိုး၊ ဓားပြများကို အရေးယူဖမ်းဆီးခြင်း မရှိသည့်အတွက်ကြောင့် ဒေသခံများမှာ မိမိတို့၏ လုံခြုံရေးအတွက် များစွာစိုးရိမ်နေကြရကြောင်း ပြောသည်။

“အရေးကြီးကိစ္စ အိမ်အပြင်ထွက်မယ်ဆိုရင်တောင် စိတ်မချရဘူး။ အိမ်စောင့်တစ်ယောက် မထားရဲဘူး။ သူခိုးတွေက တအားသောင်းကျန်းနေတယ်။ သူခိုးတွေက အဖွဲ့လိုက်နဲ့ဗျ။ ဘယ်လောက်ထိ ဆိုးလဲဆိုတော့ မီးသီး၊ အဝတ်လှမ်းတဲ့ အဝတ်တန်းတောင် ခိုးတယ်ဆိုမှတော့ တခြားမပြောနဲ့တော့။ ရောင်းလို့ရသမျှ အကုန်ခိုးတယ်။ ဖမ်းတဲ့သူမရှိလို့ အခုလိုဖြစ်နေတာ။ ရဲတွေလား… လိုင်စင်ဖမ်းတဲ့အလုပ်ပဲ လုပ်တာ၊ ဒါမှ သူတို့က ဝင်ငွေရှိမှာလေ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့တွင် ကားပွဲစား ဦးဆန်းအောင်၏ ကားကို အစမ်းမောင်းရန် အမျိုးသားနှစ်ဦးက လားရှိုးမြို့ ရပ်ကွက် (၅)၊ ရေကန်တောင်ဘက်သို့ ခေါ်ဆောင်ပြီး ကားလုယူကာ သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သူခိုးများသည် မီးကြိုးများအပြင် မီးစက်နှင့် အိမ်ပြင်တွင် တပ်ဆင်ထားသည့် မီးသီး၊ မီးလုံး၊ အဝတ်တန်း စသည့်ပစ္စည်းများကို ခိုးယူပြီး အပေါင်ဆိုင်များတွင် ပြန်လည်ရောင်းချနေကြသည်။

“သူခိုး၊ လုယက်မှုက တအားများတယ်။ လမ်းသွားလမ်းလာလည်း တအားဂရုစိုက်ရတယ်။ ကျမဆိုရင် ပိုဆိုးတယ်။ ကလေးကတစ်ဖက်လည်း ကြည့်ရတယ်၊ ဆိုင်မှာလည်း ဧည့်သည်ကို သေချာဂရုစိုက်ရတယ်။ ကလေးက ငယ်သေးတော့ မျက်စိအောက် အပျောက်မခံနိုင်ဘူး။ သူစိမ်းလာမှာလားဆိုတဲ့ အတွေးနဲ့ နေ့တိုင်း စိတ်ပူပင်သောက ရောက်နေရတယ်။ ကျမတို့ လူထုတွေ အခုလို ခံစားရတယ်ဆိုတာ ဥပဒေမဲ့လို့ပဲ။ အထက်က လူကြီးတွေက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို မငဲ့ညာလို့ ဒီလိုဖြစ်ရတာ။ လူထုဖမ်းမိတဲ့ သူခိုးတွေကို ရဲလက်ထဲအပ်လည်း တစ်ပတ်မကြာဘူး ပြန်လွတ်လာတာပဲ” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ကျောက်မဲမြို့တွင်လည်း သူခိုး၊ ဓားပြ ပေါများသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူပေးစေရန် တောင်းဆိုချင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ညသန်းခေါင်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၃)၊ မန့်နားနှင့် ငြိမ်းချမ်းရေးကုန်းအပြင် ရဲစခန်းအနီးရှိ နေအိမ်များတွင် မီးကြိုးများ ခိုးယူခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

“ရဲစခန်းအနားက အိမ်တောင် ခိုးယူရဲတယ်ဆိုတော့ ကျန်တဲ့နေရာ မပြောနဲ့တော့လေနော်။ ရဲတွေက အလုပ်လုပ်လား၊ မလုပ်ဘူးလားဆိုတာ သိသာတယ်။ လုပ်ရမယ့်အလုပ် မလုပ်ဘဲ ပြည်သူတွေကို ငွေညစ်စားနေတာ။ ကျမအမြင်တော့ ဒီလိုဖြစ်ရတာဟာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို မထိန်းချုပ်နိုင်လို့၊ မဖမ်းလို့ ဖြစ်တာပါ။ ပြီးတော့ အလုပ်အကိုင် မရှိတာရယ်ကြောင့်လည်း ပါဝင်ပါတယ်။ တချို့သူခိုးတွေက ကလေးလေးတွေပဲ ရှိသေးတယ်။ ဖမ်းရအောင်လည်း မဟုတ်၊ ရိုက်ရအောင်လည်း မဟုတ်ဖြစ်နေတယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင် ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲနှင့် လားရှိုးမြို့များတွင် လောင်းကစားရုံများ ပေါများသလို မူးယစ်ဆေးဝါး သုံးစွဲသွားလာသူ များပြားခြင်းကြောင့် သူခိုး၊ ဓားပြ၊ လုယက်မှုနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

အချို့သော လောင်းကစားဝိုင်းများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခြင်း မရှိခြင်းဖြစ်ကြောင်း ဆိုကြသည်။