ရခိုင်ပြည်နယ်တွင် ဧပြီလ ၂၈ ရက်နေ့က စတင်ပြီး မိုးရွာသွန်းကာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်အချို့ အခက်အခဲကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ယာယီခိုလှုံရာ တဲအိမ်များ ပျက်စီးခဲ့ရသဖြင့် နေရာထိုင်ခင်းနှင့် ချက်ပြုတ်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။
“လေတိုက်ပြီး မိုးပါရွာတော့ ခေါင်မိုးတွေ ပွင့်ထွက်သွားတယ်။ နေဖို့နေရာလည်းမရှိ၊ ချက်စားဖို့နေရာလည်းမရှိ ဖြစ်နေပြီး မိသားစု သုံးလေးယောက်နဲ့ အတော်လေးခက်ခဲနေပါတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
စစ်ဘေးရှောင်ဘဝနှင့် စားဝတ်နေရေး ခက်ခဲနေချိန်တွင် သဘာဝဘေးဒဏ်ကြောင့် ခိုလှုံရာ တဲအိမ်ငယ်လေးပါ ပျက်စီးသွားသည့်အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည်ဟု ၎င်းက ဆက်ပြောသည်။
“နဂိုကတည်းက စားဝတ်နေရေး မပြေမလည် ဖြစ်နေရတဲ့ကြားထဲ အခုလို ထပ်ဖြစ်တော့ အိပ်မယ့်နေရာမရှိ၊ ကလေးတွေလည်း မိုးရေစိုစိုနဲ့ ဖြစ်ကုန်တယ်။ ကျွန်တော်တို့ မိသားစုတစ်စုတည်း မဟုတ်ပါဘူး။ တခြားမိသားစုတွေလည်း အဲဒီလိုပါပဲ” ဟု ဆိုသည်။
မိုးနှင့်လေပြင်း တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် ယာယီတဲအိမ် အလုံး ၅၀၀ နီးပါး အမိုးအကာ ပျက်စီးခဲ့ရသည်ဟု လူမှုကူညီရေး လုပ်ငန်းဆောင်ရွက်နေသူများထံမှ သိရသည်။
နေရာထိုင်ခင်း စိုစွတ်မှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အမျိုးသမီးများအတွက် ပိုပြီးအခက်အခဲ ကြုံတွေ့နေရသည်ကို တွေ့ရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်စခန်းအများစုတွင် ယာယီခိုလှုံရာ တဲအိမ်ငယ်များကို ဝါး၊ ဓနိ၊ တာပေါ်လင်စများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ မိုးဒဏ်လေဒဏ်ကို မခံနိုင်ဘဲ ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
“ဘယ်လိုနေရမလဲ၊ အနေဆင်းရဲ အစားဆင်းရဲပေါ့။ ညကျရင်လည်း ဟိုပြေးသည်ပြေးနဲ့၊ စားဖို့ကျပြန်တော့လည်း မရှိခါများတယ်။ မိုးမလုံ လေမလုံလို့ ကလေးတွေနဲ့ တခြားတစ်နေရာကို ညဘက်ပြေးခဲ့ရတယ်” ဟု ကလေးလေးဦးမိခင် အသက် (၄၀) အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်များအပြင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း မိုးဒဏ်လေဒဏ်ကြောင့် အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။
