အင်းတော်မြို့သိမ်းဖို့ တက်လာသည့် စစ်တပ်စစ်ကြောင်းကို ပြည်သူများက ထွက်ကြိုနေဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” နှင့် “Truth Media”တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၈ ရက် ည ၉ နာရီ ၃၇ မိနစ်တွင် အင်းတော်မြို့ ကို စစ်တပ်က သိမ်းနိုင်ပြီဖြစ်ကြောင်း၊ မြို့သိမ်းဖို့ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းများကို အင်းတော်မြို့ အနီးတဝိုက်က ပြည်သူများက ထွက်ကြိုနေကြပြီဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
နေပြည်တော် – https://archive.ph/H9d9I
Truth Media – https://archive.ph/X5Sot
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “မြေလတ်အသံ” မီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
မြေလတ်အသံတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နှင့် ၁၀ မိုင်အကွာရှိ ဒေသအခေါ် ၁၀ မိုင်ကုန်းထိ စစ်ကော်မရှင် စစ်ကြောင်းများ ရောက်လာသည့်အတွက် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဖော်ပြထားပြီး ဓာတ်ပုံကို “စစ်ကိုင်းတိုင်းအတွင်းမှ စစ်ဘေးရှောင်အချို့။ (ပုံဟောင်း)” ဟု ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/MIhud
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “အင်းတော် တိုက်ပွဲ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, Myanmar Now, Mandalay Free Press” အပါအဝင် မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် အင်းတော်မြို့ကို စစ်တပ်က ဝင်ရောက် ရန် ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း၊ ဧပြီ ၂၁ ရက်က အင်အား ၃၀၀ နီးပါးဖြင့် ကသာမြို့မှ ထွက်ခွာလာသည့် စစ်ကြောင်းသည် လမ်းတလျှောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၂၈ တွင် နဘားလမ်းဆုံးကို သိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့သို့ ဝင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း၊ အင်းတော်မြို့အနီး စစ်ကြောင်းများဝင်လာကတည်းက ဒေသခံ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/BcCB4
Myanmar Now – https://bitly.cx/QUaHL
Mandalay Free Press – https://bitly.cx/10tVe
သုံးသပ်ချက်
သတင်းမီဒီယာများတွင် အင်းတော်မြို့ အနီးတဝိုက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ် ရေးတင်းမာနေကြောင်း ၊ စစ်တပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “အင်းတော်မြို့သိမ်းရန် တက်လာသည့် စစ်တပ် စစ်ကြောင်းများကို ဒေသခံများက ထွက်ကြို” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
