ပြာချပေးပါ ( သို့မဟုတ် ) မီးလျှံအောက်က ဘဝများစွာ

“ပြာချပေးပါ” ဆိုတဲ့ စကားက အသုံးမလိုတော့တဲ့ အမှိုက်တွေကို မီးရှို့ပစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အရပ်သားနေထိုင်ရာ အိမ်တွေကို မီးရှို့ဖျက်ဆီးပစ်ဖို့ တွန်းအားပေးနေတဲ့ စကားပါ။ စိတ်ထိခိုက်စရာ ကောင်းလောက်အောင်ပဲ အဲဒီ စကားလုံးက စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အတွေ့ရအများဆုံး စကားလုံး ဖြစ်နေပါတယ်။ သူတစ်ပါး ဖန်တီးထားတဲ့ အသိုက်အမြုံတစ်ခုကို အလွယ်တကူ ဖျက်ဆီးပစ်ဖို့ တွန်းအားပေးတာဟာ အကြမ်းဖက်မှုပါပဲ။

မြန်မာ အဘိဓာန်ထဲမှာ အိမ် ဆိုတာကို တစ်စုံတစ်ခု တည်နေရာလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ တကယ်တော့ တစ်စုံတစ်ခု မကပါဘူး။ အိမ်တစ်လုံး တည်ဆောက်တယ်ဆိုတာ ငွေအား၊ လူအား၊ စိတ်ဝိဉာဉ်အား အများကြီး ထည့်ဝင်ထားရတဲ့ ဖြစ်စဉ်ပါ။

အိမ်ဆိုတာ နေထိုင်ရာ အဆောက်အအုံသက်သက်လည်း မဟုတ်ပါဘူး။ အမှတ်တရတွေ၊ နှောင်ဖွဲ့မှုတွေ၊ သမိုင်းဖြစ်စဉ်တွေ ပါဝင်နေတဲ့ ထူးခြားတဲ့ ခိုလှုံရာနေရာပါ။ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဟာ မိသားစု ဖြစ်တဲ့အတွက် အိမ်ဆိုတာကို လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။

အိမ်ကို ဖျက်ဆီးတယ်ဆိုတာ လူ့အုတ်မြစ်ကို ဖျက်ဆီးတာပါပဲ။ အင်မတန် အပြစ်ကြီးပါတယ်။ သူတစ်ပါးနေအိမ် အသိုက်အမြုံကို ဖျက်ဆီးရင် ဥပဒေအရ ပြင်းထန်စွာ ပြစ်ဒဏ်သတ်မှတ်ထားသလို၊ ဘာသာရေးစည်းမျဉ်း၊ လူမှုရေးစည်းမျဉ်းများမှာလည်း ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ “ပြာချပေးပါ” ဆိုတဲ့ စကားလုံးရဲ့ အောက်မှာ နေအိမ်ပေါင်း များစွာဟာ ပျက်စီးဆုံးရှုံးနေရပါတယ်။ မီးလောင်ပြင်တွေပေါ်က အိမ်တိုင်ငုတ်တုတ်တွေ၊ ပြာကျတလင်းပြင်တွေဟာ ကိုယ့်အိမ်ကိုယ့်ရာဆိုတဲ့ စိတ်နှလုံးကို ရိုက်ချိုးဖျက်ဆီးနေကြပါတယ်။ ကိုယ့်အပြစ်တစ်ခုမှ မပါဘဲနဲ့ ကိုယ့်အိမ်ကိုယ့်ရာကို မတရားဖျက်ဆီးခံလိုက်ရတဲ့ သောကဝေဒနာဟာ မြန်မာပြည်သူကြားမှာ ကူးစက်နာ ဖြစ်လာနေပါတယ်။

ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကို စောင့်ကြည့်မှုအရ ရွာမီးရှို့မှု ဖြစ်စဉ်တချို့တစ်ဝက်မှာ ဝါဒဖြန့်သူများရဲ့ ကြိုတင်တွန်းအားပေးမှုတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ စစ်တပ်ဝါဒဖြန့်သူတွေဟာ အရပ်သားနေထိုင်ရာ ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချရာနေရာဖြစ်လို့၊ ထောက်ခံသူတွေ အများဆုံးရှိလို့ ဆိုတဲ့ ခေါင်းစဉ်တပ် စွပ်စွဲမှုတွေနဲ့အတူ မီးရှို့ဖျက်ဆီးပစ်ဖို့ လမ်းကြောင်းပေးပါတယ်။ အထူးသဖြင့် “ပြာချပေးပါ” ဆိုတဲ့ စကားလုံးကို အညာဒေသအတွက် ပိုပြီး အသုံးများတာ တွေ့ရပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီး စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာချိန်မှာ ပဋိပက္ခဒေသအတွင်းမှာရှိတဲ့ အရပ်သားနေအိမ်တွေဟာ မီးရှို့ဖျက်ဆီးခံရတဲ့ သားကောင်တွေ ဖြစ်လာပါတယ်။ စစ်ကော်မရှင် နဲ့ သူ့ရဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရွာတွေကို စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို ဖျက်ဆီးပစ်တာ၊ တန်ဖိုးကြီး ပစ္စည်းတွေကို လုယက်ယူဆောင်တာတွေ ဆက်တိုက်လိုလို ပြုလုပ်ခဲ့ကြပါတယ်။ ရွာတွေမှာ တပ်စွဲနေထိုင်ပြီး ဆုတ်ခွာချိန်ရောက်ရင် ရွာကိုမီးရှို့ခဲ့တာမျိုး၊ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတာမျိုးတွေကိုလည်း လုပ်ကြပါတယ်။

အာဏာသိမ်းပြီးနောက် နေအိမ်မီးရှို့ခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar ရဲ့ ၂၀၂၆ ခုနှစ် ဧပြီလ အစီရင်ခံစာထဲမှာ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၅ ဒီဇင်ဘာလ ကနေ ၂၀၂၆ ဖေဖော်ဝါရီလထိ သုံးလတာအတွင်း တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်းက ၄,၇၄၈ လုံး ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုအားလုံးထဲမှာ စစ်ကိုင်းတိုင်းက ၆၃ ရာခိုင်နှုန်း နဲ့ အများဆုံး ဖျက်ဆီးခံရတဲ့ ဒေသ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ ရခိုင်ပြည်နယ် တွေမှာလည်း ထိခိုက်ပျက်စီးမှုက သိသိသာသာ များတာ တွေ့ရပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ အကြိုကာလမှာ စစ်တပ်ဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်းမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ နဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပါတယ်။ သုံးလတာကာလအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်း နဲ့ တနင်္သာရီတိုင်းတွေမှာ အဲဒီဖြစ်စဉ်တွေ သိသိသာသာများခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲ အပြီး တပ်ချုပ်အပြောင်းအလဲ ဖြစ်ပြီးချိန်ထိ ရွာမီးရှို့မှု ဖြစ်စဉ်တွေက ရပ်တန့်သွားခြင်းမရှိဘဲ ပိုလို့တောင် ဆိုးရွားလာတာကို တွေ့ရပါတယ်။ တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ရဲဝင်းဦးဟာလည်း စစ်အာဏာရှင် လက်သစ်တစ်ပါး ဖြစ်လို့ ရက်စက်မှုတွေက လျော့နည်းသွားခြင်း မရှိခဲ့ပါဘူး။ တပ်ချုပ် အပြောင်းအလဲလုပ်ပြီးနောက် ဧပြီလအတွင်းမှာပဲ မြင်းခြံ နဲ့ တောင်သာမြို့နယ်ထဲ ရှိတဲ့ ကျေးရွာ ၂၃ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး၊ ရွာမီးရှို့တာတွေ လုပ်ခဲ့ပါတယ်။

ဒီလိုမျိုး စစ်တပ်ကျူးလွန်တဲ့ ရွာမီးရှို့မှုတွေကို စစ်တပ်ကိုယ်တိုင်က ဗြောင်လိမ်ငြင်းဆိုသလို ဝါဒဖြန့်သူတွေကလည်း ဖုံးကွယ်ကြပါတယ်။ စစ်တပ်ဝါဒဖြန့်သူတွေဟာ “ပြာချပေးပါ” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးစွဲနေသလို တစ်ဖက်မှာလည်း မီးရှို့မှုဖြစ်စဉ်တွေကို ဗြောင်ကျကျ ငြင်းဆိုကြပြန်ပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ ဖြစ်စဉ် အများစုကို PDF တပ်ဖွဲ့များရဲ့ လုပ်ရပ်လို့ ခေါင်းစဉ်တပ်ပြီး ဗြောင်လိမ်ပါတယ်။ PDF တွေက စစ်ရှုံးလို့ ထွက်ပြေးကြချိန် စစ်တပ် လိုက်မလာနိုင်အောင် ရွာတွေကိုမီးရှို့ပြီး ထွက်ပြေးကြတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ဖန်တီးကြပါတယ်။ ဒါဟာ တော်တော်လေးကို အောက်တန်းကျတဲ့ လုပ်ရပ်ဆိုတာ ပေါ်လွင်လွန်းပါတယ်။

လောလောလတ်လတ် ဖြစ်သွားတဲ့ မြောက်လူးကန်ရွာ မီးလောင်မှုမှာဆိုရင်လည်း စစ်တပ်ရဲ့ ဆိုးယုတ်မှုကို တွေ့နိုင်ပါတယ်။ ဧပြီ ၁၂ ရက်နေ့က ရွာလုံးကျွတ်နီးပါး အိမ်ခြေ ၅၀၀ ဝန်းကျင် မီးလောင်ခဲ့တဲ့ မြောက်လူးကန်ရွာဟာ ၂၀၂၄ ခုနှစ်လောက်ကတည်းက စစ်တပ်က တပ်စွဲနေထိုင်ခဲ့တာပါ။

ဧပြီ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ စစ်တပ်ကရှို့တာလို့လည်း ပြောကြသလို တောမီးရှို့ရာကနေ လောင်ကျွမ်းတာလို့လည်း ပြောကြပါတယ်။ စဉ်းစားစရာ တစ်ချက်က ရွာနဲ့ တစ်မိုင်ကျော်ပဲဝေးတဲ့နေရာမှာ ပခုက္ကူလေဆိပ် ရှိပါတယ်။

ရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်လည်း ရှိပါတယ်။ ရွာမီးလောင်ခဲ့ရင် မီးသတ်ကို ဖုန်းဆက်ပြီး မီးငြှိမ်းခိုင်းလို့ရတဲ့ အနေအထားမှာ ရှိနေပါလျက်နဲ့ တစ်ရွာလုံးနီးပါး ပြာကျခဲ့တာကြောင့် ဒီဖြစ်စဉ်ဟာ သံယပွားစရာ ဖြစ်လာပါတယ်။ ကိုယ်တိုင်ရှို့လို့ဖြစ်စေ သဘာဝဘေးကြောင့်ဖြစ်စေ စစ်တပ်ဟာ ပြည်သူပိုင်နေအိမ်တွေကို လုံးလုံး စေတနာမရှိဘူးဆိုတာကို မြောက်လူးကန်ရွာ မီးလောင်မှုဖြစ်စဉ်ကို ကြည့်ရင် သိနိုင်ပါတယ်။

မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ စာရင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ကိန်းဂဏန်းတွေကိုပဲ မြင်ရတယ် ဆိုပေမဲ့ ပြင်ပ အရှိတရားမှာတော့ ပျက်စီးသွားတဲ့ ဘဝပေါင်းများစွာ ပါဝင်နေပါတယ်။

အခုဆို နွေရာသီရောက်လာပါပြီ။ ပဋိပက္ခဒေသအတွင်းက ပြည်သူတွေခမျာ အပြင်ပူ၊ အတွင်းပူ နှစ်ပူသောမီးနဲ့ ရင်ဆိုင်နေရရှာပါတယ်။ ပြင်ပ ရာသီဥတု အပူဒဏ်ထက် ကိုယ့်အိမ်ကိုယ်ရာ ဘယ်တော့ ပြာကျမလဲ ဆိုတဲ့ အတွင်းအပူဒဏ်က ပိုကြီးနေရပါတယ်။ ဒီအချိန်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေ၊ ရွာမီးရှို့မှုတွေ နဲ့ စစ်တပ်လော်ဘီများရဲ့ “ပြာချပေးပါ” ဆိုတဲ့ တွန်းအားပေးမှုတွေကလည်း အရှိန်မလျှော့ဘဲ တိုးလို့သာလာနေပါတယ်။ ပြည်သူတွေခမျာ ပြေးစရာ မြေမရှိ၊ ခိုစရာအမိုးမရှိ ဖြစ်နေရပါတယ်။

နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အိမ်တစ်လုံးတည်ဆောက်ဖို့ဆိုတာ သာမန်ပြည်သူတွေအတွက် လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ မြန်မာလူမျိုးတွေဟာ အိမ်ရာကို အင်မတန်ခင်တွယ်ကြသူတွေ ဖြစ်ပါတယ်။

ကိုယ့်အိမ်ထက် ကောင်းမွန်တဲ့နေရာမှာ ရောက်နေရတယ်ဆိုရင်တောင် ကိုယ့်အိမ်ကလေးမှာပဲ နေခွင့်၊ အိပ်ခွင့်ကို ပိုမက်ကြပါတယ်။ ကိုယ့်အိမ်လေးထဲမှာပဲ ခေါင်းပြားအောင် အိပ်ချင်တယ်။ ကိုယ့်အိမ်ကလေးထဲမှာပဲ ထမင်းဝဝစားချင်ကြပါတယ်။ ပြန်စရာ၊ ခိုနားစရာ အိမ်ကလေးတစ်လုံး ရှိနေဖို့ ဆိုတာ လူတိုင်း အလိုချင်ဆုံး ဆုလာဘ်တစ်ပါးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာရှင်လက်အောက်မှာ နေထိုင်နေရတဲ့ မြန်မာလူထုအတွက် အိမ် ဆိုတာ ပြန်ချင်ရင် အချိန်မရွေး ပြန်လို့ရတဲ့ နေရာ မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ် ဆိုတဲ့ ဝေါဟာရ ရဲ့ အတွင်း အနှစ်သားကိုရော ပြင်ပတည်ရှိမှုကိုပါ နားလည်သိမှတ်မှု မရှိသူများက “ပြာချပေးပါ” ဆိုတဲ့ စကားလုံးကို ရက်ရက်စက်စက် ပြောထွက်နေကြဦးမှာ ဖြစ်သလို ဖျက်ဆီးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေကြဦးမှာ ဖြစ်လို့ပါပဲ။