ထိုင်းအများပိုင်ကုမ္ပဏီတွင် မြန်မာလက်နက်ပွဲစား ရင်နှီးမြှုပ်နှံမှု ထိုင်းအာဏာပိုင်တို့ တားမြစ်ပိတ် ပင်သင့်

ဓာတ်ပုံ - Justice For Myanmar

ထိုင်းအများပိုင်ကုမ္ပတီတွင် မြန်မာစစ်လက်နက်ပွဲစားကွန်ရက်၏ ရင်းနှီးမြှုပ် နှံမှုကို ထိုင်းအာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင် စုံစမ်းစစ်ဆေးသင့်ကြောင်း Justice For Myanmar ကဆိုသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ၂၇ ရက်တွင် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC) ၏ ရှယ်ယာရှင်များသည် ကျော်မင်းဦး ဦးဆောင် လုပ်ကိုင်နေသည့် မြန်မာစစ်လက်နက်ပွဲစားကွန်ရက် Sky Aviator ၏ ကုမ္ပဏီ ၂ခုထံသို့ ကြီးမားသော အစုရှယ်ယာ ပမာဏတစ်ရပ်ကို ရောင်းချရန် အတည်ပြုခဲ့ကြောင်း JFMကထုတ် ပြန်သည်။

“ACC စီမံခန့်ခွဲမှုအဖွဲ့ဟာ အလွန်ဆိုးရွားလှတဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြစ်ပေါ်စေ တဲ့ Sky Aviator ကုမ္ပဏီ တွေနဲ့ ရှယ်ယာလွှဲပြောင်းရောင်းချမှုကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအား ပေးနေပါတယ်။ ကျော်မင်းဦးရဲ့ အဓိကစီးပွားရေးလုပ်ငန်းက သေကျေပျက်စီးစေမှုနဲ့ ဖျက်ဆီးမှုတွေ အပေါ်မှာ အခြေခံထားတာဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ် ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေကနေ အကျိုးအမြတ် ရရှိနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါ တယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က MPA သို့ပြောသည်။

ယင်းရှယ်ယာလွှဲပြောင်းရောင်းချမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၇ဒဿမ၁၆ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၁၂ဒဿမ၈၄ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ် ချက်များ၊ ရင်းနှီးမြှုပ်နှံသူများ၏ အမှန်တကယ် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်များအပေါ် မရှင်းလင်း နိုင်သေးသည့် မေးခွန်းများ၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးအကြံပေးမှ အတည်မပြုရန် အကြံပြုထားချက် များနှင့် ထိုင်းနိုင်ငံ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) မှ ရှယ်ယာရှင် များနှင့် ပတ်သက်သော လုံလောက်သည့် အချက်အလက်များ ထပ်မံပေးအပ်ရန် ACC သို့ ညွှန် ကြားထားချက်များ ရှိနေသည့်ကြားမှ ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျော်မင်းဦးနဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူ ညီမှုအတွက် မဖြစ်မနေတာဝန်ခံရမှာဖြစ်ပြီး၊ သူတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကနေ ရရှိလာ တဲ့ ငွေကြေးအကျိုးအမြတ်တွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခဝါချခွင့် လုံးဝမပေးသင့်ပါဘူး။ ACC အစုရှယ်ယာရှင်တွေဟာ ဒီလိုမသန့်ရှင်းတဲ့ အရောင်းအဝယ်ကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် အခုတော့ ဒီသီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုကို အပြီးသတ် မလုပ်ဆောင်နိုင်စေ ဖို့အတွက် ရပ်တည်ဟန့်တားပေးဖို့က ထိုင်းအာဏာပိုင်တွေအပေါ်မှာ တာဝန်ကျလာပြီဖြစ်ပါတယ်” ဟု မရတနာမောင်ကပြောသည်။

စင်ကာပူအခြေစိုက် ကုမ္ပဏီများဖြစ်သော Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့သည် ၎င်းတို့နှင့်အမည်တူပေးထားသော မကြာသေးမီကမှ တည်ထောင်ထားသည့် ၎င်းတို့၏လက်အောက်ခံ ထိုင်း အမည်ခံဟန်ပြကုမ္ပဏီများမှတစ်ဆင့် ACC တွင် အကြီးမားဆုံး ရှယ်ယာရှင်အစုအဖွဲ့ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကြားဝင်ဟန့်တားဆောင်ရွက်ခြင်း မပြုလုပ်ပါက Sky Aviator ကွန်ရက်ရှိ ကုမ္ပဏီနှစ်ခုသည် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉ဒဿမ၃ သန်း) တန်ဖိုးရှိ သော စုပေါင်းရှယ်ယာ ၂၃ဒဿမ၂၅ရာခိုင်နှုန်းကို ရယူပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း JFM ကဆိုသည်။

Sky Avia Trading နှင့် Heli Asia Trading ကုမ္ပဏီများသည် ကျော်မင်းဦး ပိုင်ဆိုင်သည့် Sky Aviator ကုမ္ပဏီကွန်ရက်၏ အစိတ်အပိုင်းများဖြစ်ပြီး၊ ယင်းကုမ္ပဏီကွန်ရက်၏ မြန်မာလေတပ်ထံ ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်အစိတ်အပိုင်းများ ရောင်းချပေးသည့် စီးပွားရေးလုပ်ငန်းသည် စစ်အုပ်စု လက်ရှိကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ပံ့ပိုးကူညီလျက်ရှိသည်။

မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် အကြမ်းဖက်လေကြောင်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ရုရှားလေယာဉ်အုပ်ကို အဓိကထားအသုံးပြုနေခြင်းဖြစ်ကြောင်း JFM ကထုတ်ပြန်သည်။

Sky Aviator ကွန်ရက်နှင့် အဓိကလူပုဂ္ဂိုလ်များအပေါ် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများသည် တစ်ပြေး ညီဖြစ်မနေဘဲ ဟာကွက်များရှိနေပြီး ယင်းကွန်ရက်သည် ဟာကွက်များကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် တုန့်ပြန်ဆောင်ရွက်သင့် ကြောင်း JFMကဆိုသည်။