ပြည်ပထွက်မည့်အစား ပြည်တွင်း၌ အလုပ်လုပ်ကိုင်ပြီး ကြီးပွားတိုးတက်ရန် အခွင့်အလမ်းများရှိဟု အတုအယောင် သမ္မတ မင်းအောင်လှိုင်ပြော

ပြည်ပထွက်မည့် အစား ပြည်တွင်း၌ အလုပ်လုပ်ကိုင်ပြီး ကြီးပွားတိုးတက်ရန် အခွင့်အလမ်းများရှိဟု အတုအယောင် သမ္မတ မင်းအောင်လှိုင်ပြောက ယနေ့( မေ ၁ရက်) တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သို့ပေးပို့သည့် သဝဏ်လွှာ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့် လူဦးရေပေါများသဖြင့် ၎င်းတို့ကို အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြောင်းလဲနိုင်ပါက နိုင်ငံဖွံ့ဖြိုးရေးအတွက် အခြေခံကောင်းများ ဖြစ်လာမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

“တကယ်တော့ အခုလို ပြည်တွင်းမှာပဲ အလုပ်လုပ်ဖို့ တိုက်တွန်းနေတာဟာ စစ်ကော်မရှင်အတွက် စစ်မှုထမ်းရမယ့် လူအင်အား အတော်လေး လိုအပ်နေတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒါကြောင့်လည်း အလုပ်သမားထုနဲ့ လူငယ်တွေ ပြည်ပကို မထွက်သွားနိုင်အောင် နည်းမျိုးစုံနဲ့ ဟန့်တားချင်နေတဲ့ ရည်ရွယ်ချက်က အတော်လေး သိသာနေတယ် အသက်မွေးဝမ်းကျောင်း သင်တန်းတွေပေးမယ်ဆိုတာကလည်း စစ်မှုထမ်းဖို့ လူစုဆောင်းရ ပိုလွယ်အောင် ဆွဲဆောင်နေတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအောက်တွင် နေထိုင်ကြရပြီး အချို့မှာ မတရားနှိပ်စက်ခံရမှုများ ရှိနေသည်ဟု အတုအယောင်သမ္မတက ဆိုသည်။

“ကျွန်တော်တို့လည်း ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်မိသားစုနဲ့ ခွဲပြီး သူများနိုင်ငံမှာ လာပုန်းအောင်း အလုပ်လုပ်ချင်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းမှာက ကုန်ဈေးနှုန်းတွေက တက်လိုက်တာ လက်လှမ်းမမီတော့သလို၊ လုပ်စရာ အလုပ်အကိုင်ကလည်း တကယ်ကို ရှားပါးလွန်းလို့ပါ။ ဒီတော့လည်း ဘဝကို ရင်းပြီး ပြည်ပကိုပဲ စွန့်စားထွက်လာခဲ့ကြရတာ ဖြစ်ပါတယ်။” ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က ပြည်တွင်း၌ အလုပ်အကိုင်ရရှိရန် အခြေခံသက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ဦးစားပေးမည်ဟု ပြောသည်။

ယင်းအပြင် ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ထဲ ရောက်နေသူများအတွက် ပညာရေးလမ်းကြောင်းပေါ် ပြန်ရောက်နိုင်မည့် ကူးပြောင်းမှု အစီအစဉ်များကိုလည်း ဝန်ကြီးဌာနများက ဆောင်ရွက်ပေးမည် ဟုလည်း မင်းအောင်လှိုင်က သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန သင်တန်းကျောင်းများနှင့် NSSA အသိအမှတ်ပြု ကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ ပေးလျက်ရှိကာ ဤသင်တန်းများသည် ပြည်တွင်းလုပ်သားထု၏ အရည်အချင်းကို မြှင့်တင်ပေးရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုထားသည်။

အလုပ်သမားများ၏ အခက်အခဲများကို ဖြေရှင်းရန် ရန်ကုန်နှင့် နေပြည်တော်တို့တွင် Complaint Mechanism Center များကို ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

“အဲ့ဒီဌာနတွေ အမှန်တကယ် အလုပ်လုပ်မလုပ်ကတော့ အခြေခံအလုပ်သမား လုပ်ခလစာ မလောက်ငလို့ တိုးမြှင့်တောင်းခံနေတာတောင် မသိသလိုနေနေတာလေ ကျန်တာတော့ ပြောစရာမရှိပါဘူး” ဟု အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ပြည်ပရောက် အလုပ်သမားများအတွက်လည်း သက်ဆိုင်ရာနိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ထားရှိပြီး ညှိနှိုင်းပေးနေသည်ဟု အတုအယောင်သမ္မတက ပြောကြားသော်လည်း ပြည်ပရောက် အလုပ်သမားအများစုမှာ လက်တွေ့တွင် အကူအညီရယူရန် ခက်ခဲနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

“ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ကြည့်မယ်ဆိုရင်တော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပိုပြီး ဖန်တီးပေးနိုင်ဖို့အတွက် တည်ငြိမ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဝန်းကျင် ရှိနေဖို့က ပိုပြီး အရေးကြီးပါသည်။ လူ့စွမ်းအား အရင်းအမြစ်တွေ တကယ်ပဲ ဖွံ့ဖြိုးလာမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရဲ့ စီးပွားရေးကို မြင့်မားလာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေက ပြန်ထွက်နေတာဆိုတော့ သူ(မင်းအောင်လှိုင်)ပြောသလို ဖြစ်လာနိုင်စရာ အကြောင်းအရင်းက ဘာမှကို မမြင်မိဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အခြေခံလူတန်းစားများ၏ အသံများအရ ပြည်တွင်း၌ ကြီးပွားတိုးတက်နိုင်သည့် အခွင့်အလမ်းများ ရှိသည်ဆိုသော်လည်း လက်တွေ့တွင် အခြေခံစားဝတ်နေရေး ပြေလည်ရန်ပင် ရုန်းကန်နေရကြောင်း သိရသည်။