နွေဦးတော်လှန်ရေးသမိုင်းတွင် PDF ၏ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းလာနိုင်ပြီဟုဆို

ဓာတ်ပုံ-NUG

နွေဦးတော်လှန်ရေးသမိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီဖြစ်ကြောင်း NUGအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့(မေ၅ရက်)ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်တွင် ယာယီသမ္မတ မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောခဲ့သလို ယနေ့အချိန်ထိ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်းလည်း ဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲမှာ အသက်နဲ့ ခန္ဓာကို ပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစု ဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်”ဟု ၎င်းက ပြောသည်။

နွေဦးတော်လှန်ရေး အရေးတော်ပုံ တပ်သားအားလုံးသည် ပြည်သူအားလုံး အားကိုးထိုက်သူများ ဖြစ်ရမှာ ဖြစ်သလို စည်းကမ်းသေဝပ်ပြီး စနစ်ကျသည့် ပြည်သူ့တပ်မတော်တစ်ရပ်ကိုလည်း ပါဝင် တည်ဆောက်ကြရန် လိုကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရအနေနှင့် ပြည်သူ့အစိုးရကောင်း တစ်ရပ်ဖြစ်အောင် ကြိုးစားနေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနှင့်လည်း ပြည်သူချစ် သော တပ်မတော်အဖြစ် အမြဲချီတက်နိုင်ရန် မျှော်လင့်ကြောင်း ဒူဝါလရှီးလက ပြောသည်။

“ကျနော်တို့ လက်ရှိ ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး အရေးတော်ပုံကြီးဟာ ဖြစ်မှု၊ ပျက်မှုတွေ အင်မတန်မှ မြန်ဆန်ပါတယ်။ တက်လွယ် ကျလွယ်ဖြစ်စဉ်တွေလည်း များပြားလွန်းတာ တွေ့ရပါ တယ်။ တစ်ဖက်မှာလည်း သတ္တိ ဗျတ္တိနဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယတွေကို ထင်ထင်ရှားရှား တွေ့မြင် ရပါ တယ်။ ယုံကြည်ချက် ထက်သန်ပြင်းပြမှုတွေက ‌ဒီရေလှိုင်းလုံးကြီးတွေလို အရှိန်အဟုန်ပြင်းထန် တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီလိုအသွင်အပြင်တွေကို လူထုတစ်ရပ်လုံးမှာ ‌တွေ့မြင်ရသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အားလုံးထဲမှာလည်း ထင်ရှားစွာ မြင်တွေ့ကြရပါတယ်”၎င်းက ဆက်လက်ပြောသည်။

နွေဦးတော်လှန်ရေး၏ ဂုဏ်ဒြပ်ကို အမြင့်မားဆုံးထိ ဆက်လက်ဖော်ဆောင်နိုင်ကြရန်နှင့် ပြည်သူ့တပ် မတော်သားကောင်း ပီသစွာဖြင့် နွေဦးတော်လှန်ရေးကို အလေးအမြတ် ဦးညွှတ်ကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။