စာရေးဆရာအချို့သည် စာပေဟောပြောပွဲကို ဖျက်ဆီးနေခြင်းဖြစ်ပြီး လက်ခုပ်သံလိုချင်မှုကြောင့် တပ်မတော်မကောင်းကြောင်း ပြောဆိုနေသူများဖြစ်သည်ဟု ငွေမိုးကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်က စွပ်စွဲပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တစ်ခု၌ ဦးမိုးကျော်နှင့် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသတို့နှစ်ဦး စာရေးဆရာများအပေါ် အပြန်အလှန် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် ဟိတဓရဆရာတော်က စာပေဟောပြောပွဲကို ဖျက်ဆီးနေသူမှာ စာရေးဆရာ၊ စာပေကို ဖျက်ဆီးနေသူမှာ စာရေးဆရာဖြစ်ပြီး တော်တော်ကို အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းပြောဆိုချက်အပေါ် မွန်ပြည်နယ်မှ ခရိုနီစီးပွားရေးလုပ်ငန်းရှင် ငွေမိုးကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်ကလည်း ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
“လက်ခုပ်သံလိုချင်လို့ တပ်မတော်မကောင်းကြောင်းပြောတဲ့သူတွေက လူပိန်းတွေ၊ တကယ်က တပ်မတော်က တိုင်းပြည်အတွက် မရှိမှမဖြစ်တာ” ဟု ဦးမိုးကျော်က ပြောဆိုခဲ့သည်။
ထို့ပြင် နိုင်ငံကျော်စာရေးဆရာ ချစ်ဦးညိုကိုလည်း ဥပမာပေး၍ ပုတ်ခတ်ပြောဆိုခဲ့ကြသည်။
“အဲဒီ (စာရေးဆရာ ချစ်ဦးညို) အကောင်က မဟုတ်တာ လျှောက်ပြောနေတာ၊ ဟိုတစ်နေ့ကတောင် ပြောနေသေးတယ်။ ပြောရင် ရည်ရွယ်ချက်ရှိရတယ်၊ ဘာကို ရည်ရွယ်တာလဲ၊ ချစ်ဖို့လား၊ နိုင်ငံကောင်းဖို့လား။ မဟုတ်ဘူး၊ မုန်းဖို့ ရည်ရွယ်တာ၊ လူတွေနဲ့မလိုက်ဘူး၊ စာရေးဆရာနဲ့မလိုက်ဘူး။ နိုင်ငံနဲ့လူမျိုးအတွက် တော်တော်လေးကို ရင်လေးတယ်၊ မြန်မာတွေ မုန်းအောင် ကွဲအောင် လုပ်နေကြတာ” ဟု ဟိတဓရဆရာတော်က ဗီဒီယိုဖိုင်တွင် မိန့်ကြားခဲ့သည်။
အဆိုပါ ဗီဒီယိုဖိုင်ကို မည်သည့်နေ့ရက်တွင် ရိုက်ကူးထားသည်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ဟိတဓရဆရာတော်သည် မွန်ပြည်နယ်၏ အထင်ကရဘုန်းကြီးဖြစ်သော ဖားအောက်ဆရာတော်၏ တပည့်အရင်းဖြစ်ပြီး၊ ထောက်ခံဆွေးနွေးခဲ့သည့် ငွေမိုးကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်သည် မွန်ပြည်နယ်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။
ငွေမိုးကုမ္ပဏီပိုင်ရှင်သည် စစ်အာဏာရှင်များနှင့် ပူးပေါင်းကာ နိုင်ငံပိုင်မြေများ၊ လယ်ယာဥယျာဉ်ခြံမြေ အမျိုးမျိုးကို လျော်ကြေးငွေအနည်းငယ်သာပေး၍ အတင်းအဓမ္မ သိမ်းဆည်းခြင်း၊ အကွက်ရိုက်ရောင်းချခြင်းများ လုပ်ဆောင်နေသည့်အတွက် ခရိုနီအကြီးစားဟု မော်လမြိုင်မြို့နေ ပြည်သူများအကြား အမည်ဆိုးထွက်နေသူ ဖြစ်သည်။
“ဒီလိုလူမျိုးဆီက ဒီလိုစကားထွက်တာ မဆန်းဘူးလေ၊ ခရိုနီ သာကူးပဲ။ အခုလည်း မော်လမြိုင်မြို့မှာရှိသမျှ မြေကွက်တွေ စစ်တပ်နဲ့ပေါင်းပြီး အကုန်သိမ်း အကွက်ရိုက်နေတာပဲ။ စစ်တပ်မကောင်းပြောပါ့မလား၊ ဘုန်းကြီးကအစ ပြောသင့် မပြောသင့် မစဉ်းစားကြတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ ပြည်တွင်း၌ရှိနေသည့် စာရေးဆရာအချို့သည် ခေတ်အဆက်ဆက် စစ်တပ်၏အလိုတော်အတိုင်း ဝါဒဖြန့်ပြောဆိုမှုများ ရှိနေသကဲ့သို့ သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ အေးအေးချမ်းချမ်း နေထိုင်သည့် စာရေးဆရာများစွာလည်း ရှိနေသည်။
ယင်းတို့အနက် စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် စာရေးဆရာအချို့က စစ်အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုများကို Speak Out လုပ်ပေးနေသူများ ရှိနေဆဲဖြစ်သည်။
“ဖားအောက်တောရဆိုရင် အမတို့ အရမ်းကြည်ညိုတဲ့ ဆရာတော်ပေါ့နော်။ ဆရာတော်ကြီးရဲ့ လက်အောက်က ဆရာတော်တစ်ပါးက အဲဒီလိုပြောတယ်ဆိုတော့ အံ့ဩတယ်ပေါ့လေ။ ခရိုနီနဲ့ ပြောတယ်ဆိုတော့ ခရိုနီအလိုလိုက်ပြောတာလည်း ဖြစ်မယ်ပေါ့” ဟု စာရေးဆရာမ စုသဲမွန်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွန့်နှင့် သားငယ်အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
