ကင်အဲရစ်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံခဲ့ပြီး လူထုခေါင်းဆောင်အတွက် Proof of Life လှုပ်ရှားမှုကို ချီးကျူး

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot နှင့် ကင်အဲရစ်တွေ့ဆုံခဲ့စဉ်

ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်အဲရစ် နှင့် မေလ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေ ၅ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

တွေ့ဆုံမှုအတွင်း ပြင်သစ်ဝန်ကြီးက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အထူးဂရုပြု စောင့်ကြည့်နေသလို လိုအပ်သော ဆေးကုသမှုများ၊ ရှေ့နေများနှင့် မိသားစုဝင်များဖြင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ပြင်သစ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဟု အလေးပေးပြောကြားခဲ့သည်။

ကင်အဲရစ် နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိကြောင်း သက်သေပြရေး(Proof of Life) လှုပ်ရှားမှုကိုလည်း ဝန်ကြီးက ချီးကျူးဂုဏ်ပြုခဲ့သည်။

ဤလှုပ်ရှားမှုသည် ဖမ်းဆီးခံခေါင်းဆောင်များ၏ လုံခြုံရေးအတွက် နိုင်ငံတကာဖိအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ပြင်သစ်လို အင်အားကြီးနိုင်ငံမျိုးက ကင်အဲရစ်နဲ့ တရားဝင်တွေ့ဆုံပြီး ‘Proof of Life’ ကို ထောက်ခံတယ်လို့ ပြောတာဟာ စစ်ကော်မရှင်အတွက်တော့ သံတမန်ရေးရာအရ အကြီးအကျယ် ထိုးနှက်ချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အမှောင်ချထားပြီး နိုင်ငံရေးအရ အသုံးချချင်နေတဲ့ စစ်တပ်ရဲ့ ဗျူဟာကို နိုင်ငံတကာက လက်မခံဘူးဆိုတာ ပြလိုက်တာပဲ” ဟု သုံးသပ်သည်။

ထို့ပြင် ပြင်သစ်နိုင်ငံသည် စစ်ကော်မရှင်အပေါ် ချမှတ်ထားသည့် ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မှုများကို ၂၀၂၇ ခုနှစ် ဧပြီလအထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် ထောက်ခံခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်သူများနှင့် ဒီမိုကရေစီကို ဖျက်ဆီးနေသူများကို တိုက်ရိုက်ပစ်မှတ်ထားခြင်းဖြစ်သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “EU ရဲ့ ပိတ်ဆို့မှု သက်တမ်းတိုးတာနဲ့ ပြင်သစ်ဝန်ကြီးရဲ့ အခုလှုပ်ရှားမှုဟာ ဆက်စပ်နေပါတယ်။ စစ်ကော်မရှင်ဘက်က ဘာတိုးတက်မှုမှ မပြသနိုင်တဲ့အပြင် အကြမ်းဖက်မှုတွေ ပိုလုပ်လာတာကြောင့် နိုင်ငံတကာက စစ်ကော်မရှင်ကို လူရာမသွင်းတော့ဘဲ ပိုပြီး ဖိအားပေးလာတဲ့သဘောပါ။ ဒါဟာ တော်လှန်ရေးအင်အားစုတွေအတွက် သံတမန်ရေးရာ စစ်မျက်နှာမှာ အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု မှတ်ချက်ပြုသည်။

နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အရေးကို ပြန်လည်အာရုံစိုက်လာခြင်းနှင့် စစ်ကော်မရှင်အပေါ် ပိတ်ဆို့မှုများ တိုးမြှင့်လာခြင်းသည် ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများအတွက် စိတ်ဓာတ်ရေးရာအရ အားကောင်းစေသည့်အပြင် စစ်ကော်မရှင်၏ ငွေကြေးနှင့် လက်နက် အထောက်အပံ့ လမ်းကြောင်းများကို ပိုမိုကျပ်တည်းသွားစေနိုင်သည်ဟုလည်း စစ်ရေးလေ့လာသူများက ရှု့မြင်ကြသည်။

ပြင်သစ်နိုင်ငံအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဒေသတွင်းမိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက်ကြွလှုပ်ရှားသူများကမူ နိုင်ငံတကာ၏ ပြောဆိုချက်များသည် လက်တွေ့ကျသော အကူအညီများအဖြစ် ပြောင်းလဲလာရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

“ပြောရုံတင်မဟုတ်ဘဲ စစ်ကော်မရှင်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို တကယ်ထိထိရောက်ရောက် ဖြတ်တောက်ပေးဖို့ လိုပါတယ်။ အခုလို ပြင်သစ်ရဲ့ ရပ်တည်ချက်ကတော့ တော်လှန်ရေးအတွက် အားတက်စရာ သတင်းကောင်းတစ်ခုပါပဲ” ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။