ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များ စေလွှတ်ရန်နှင့် ယခုသီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်၌ ပြုလုပ်သည့် သင်္ဘောပစ်ခတ် နှစ်မြှုပ်ရေး စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံ ပါဝင်လာကြောင်း သိရသည်။
မေလ ၆ ရက်နေ့က ဖိလစ်ပိုင်မြောက်ပိုင်း အီလိုကို့စ်နော်တေး (Ilocos Norte) ကမ်းလွန်တွင် ပြုလုပ်ခဲ့သည့် ရန်သူ့သင်္ဘောအဖြစ် အယောင်ပြထားသော သင်္ဘောကို ပစ်မှတ်ထားနှစ်မြှုပ်သည့် လေ့ကျင့်ခန်း၌ ဂျပန်စစ်တပ်သည် အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့များနှင့်အတူ ဒုံးကျည်များ ပစ်ခတ်ခဲ့ကြသည်။
အဆိုပါ လေ့ကျင့်ခန်းသည် Balikatan ခေါ် “ပခုံးချင်းယှဉ်လျက်” ဟု အမည်ပေးထားသည့် အမေရိကန်-ဖိလစ်ပိုင် နှစ်စဉ် တိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှု၏ အထူးခြားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် တိုက်ခိုက်ရေးအခန်းကဏ္ဍတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။
မေလ ၈ ရက်နေ့တွင် ပြီးဆုံးမည့် ယခုနှစ် Balikatan စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံခုနစ်နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၁၇,၀၀၀ ကျော်ဖြင့် စံချိန်တင် ပါဝင်ခဲ့ကြရာတွင် ဂျပန်က စစ်သည် ၁,၄၀၀ စေလွှတ်ခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တတိယအများဆုံး တပ်ဖွဲ့ဝင် စေလွှတ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
ဆယ်စုနှစ်များစွာတိုင်အောင် ဂျပန်သည် ၎င်း၏ စစ်ရေးလေ့ကျင့်မှု အများစုကို မိမိပိုင်နက်အတွင်း၌သာ ကန့်သတ်ထားခဲ့ပြီး၊ အဝေးသို့သွားရောက်လျှင်လည်း အမေရိကန်နှင့် ဩစတြေးလျတို့ကဲ့သို့သော နေရာများ၌သာ လုပ်ဆောင်ခဲ့သည်။
