စီနီယာများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်းတစ်ဦးသေဆုံးမှုအား သတင်းအမှားဟု စစ်တပ်လော်ဘီ ငြင်းဆို

အာဏာသိမ်းစစ်အုပ်စု၏ မန္တလေးတိုင်း ပြင်ဦးလွင်ဗိုလ်လောင်းသင်တန်းကျောင်းတွင် စီနီယာဗိုလ်လောင်းများ ၏ ထိုးကြိတ်မှုကြောင့် ဂျူနီယာဗိုလ်လောင်းတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို သတင်းအမှားဟူ၍ စစ်တပ်လော်ဘီများ က သတင်းအမှား ဖြန့်ဝေနေကြသည်။

Thazin Oo တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၅ရက် နံနက် ၇နာရီကျော်တွင် Khit Thit မီဒီယာ၏ သတင်း Screenshot နှင့်အတူ သတင်းအမှားကို ရေးတင်ထားခြင်းဖြစ်သည်။

သတင်းအမှားလင့်ခ် – https://archive.ph/wip/pbKKr

သတင်းအမှားကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေနေသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

အဆိုပါ အကြောင်းအရာကို MPA Fact-Check team က သတင်းအချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

သက်သေပြချက်

စစ်တပ်လော်ဘီများ တင်ထားသော အကြောင်းအရာကို သိရှိနိုင်ရန် Khit Thit မီဒီယာ၏ သတင်းကို ရှာဖွေ ကြည့်ရာ သတင်းဖြစ်စဉ်အကြောင်း ဖော်ပြထားသည်။

သတင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ် လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း၊ သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး ဧပြီလ နှောင်း ပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/Qhz5

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ပြင်ဦးလွင်တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း တစ်ဦး သေဆုံး” ဟု ရေးသားရှာဖွေကြည့်ရာ DVB နှင့် MNO တို့က သတင်းဖော်ပြထားကြ သည်။

သတင်းများတွင် သေဆုံးခဲ့သည့် ဗိုလ်လောင်းသိန်းဟန်သည် အစာအိမ်ရောဂါကြောင့် ဝမ်းဗိုက်ခွဲစိတ်မှုခံယူထား ဖူးသူဖြစ်ပြီး ပြင်းထန်သော ဝိုင်းဝန်းထိုးကြိတ်မှုများ ခံရသဖြင့် ယခုကဲ့သို့ အသက်ဆုံးရှုံးသည်အထိဖြစ်ပွားခဲ့ ကြောင်း သတင်းဖော်ပြထားကြသည်။

DVB – https://bitly.cx/51HxX
MNO – https://bitly.cx/ceTh5

သုံးသပ်ချက်

သတင်းများတွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်းတစ်ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်က အဆိုပါ ဖြစ်စဉ်အား သတင်းအမှားဟု ငြင်းဆို၍ အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။