ဝက်လက်တွင် သန်းခေါင်ကျော်အချိန် စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦးသေဆုံး

ဓာတ်ပုံ - Wetlet Information Network
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်တွင် ညသန်းခေါင်ကျော်အချိန်၌ စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးကြောင်း သိရသည်။

ယနေ့(မေလ ၆ ရက်) နံနက်အစောပိုင်း ၁၂ နာရီ ၁၄ မိနစ် ၊ ၁၂ နာရီ ၁၈ မိနစ်နှင့် ၁၂ နာရီ ၂၁ မိနစ်တို့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ စခန်းသာကျေးရွာအနီးသို့ ဂျက်ဖိုက်တာ ၃ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ၊ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း Wetlet Information Network ထံက သိရသည်။

” ဗုံးအမျိုးအစားက ကျနော်တို့ ခန့်မှန်းခြေတော့ ပေါင် ၃၀၀ ပတ်ချာလည်ရှိမယ်။ ဖိုက်တာ ၃ စင်းနဲ့ပစ်တာ။ မီးလောင်ဗုံးရော ပါမယ်ဗျ”ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦး က MPA သို့ပြောသည်။

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ၊ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ စိုးရိမ်ရတဲ့ထဲမှာ မပါဘူးလို့တော့ သိရတယ်ဗျ။ ဗုံးသီးကျတဲ့နေ ရာက နေအိမ်ကမီးလောင်ကျွမ်းပြီး နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့ သိရတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပကဖကလည်း ယင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားပြီး စစ်တပ်က အရပ်သားပြည်သူများကို အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသေးသည်။