မွန်က တရားမဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ လောင်းကစား၀ိုင်းများမှ ဆက်ကြေးကောက်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

မွန်ပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်အချို့က လောင်းကစားဝိုင်းများထံမှ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း လောင်းကစားဒိုင်များ၊ ပါတီနှင့် နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

ပါတီရန်ပုံငွေနှင့် ပါတီရုံးတည်ဆောက်ရေးအတွက် တောင်းခံနေခြင်းဖြစ်ပြီး အနိုင်ရ မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်အချို့နှင့် ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရကိုယ်စားလှယ်အချို့ ပါဝင်နေကြောင်း ပေါင်မြို့နယ်ရှိ လောင်းကစားဒိုင်တစ်ဦးက MPA သို့ ပြောသည်။

“ကဒုံးစီးရပ်ကွက်ဘက်မှာ ဝိုင်းတွေရှိနေတယ်၊ အဲဒါ လာကြတယ်။ အရင်ရက်တွေကတော့ ကိုယ်စားလှယ်တွေ မပါဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ကိုယ်တိုင် ရောက်လာကြတယ်။ ပြောတာတော့ ရန်ပုံငွေနဲ့ ရုံးဆောက်ဖို့ပါပဲ။ ပါတီနှစ်ခုလုံးပါတယ်၊ မွန်နဲ့ ကြံ့ခိုင်ရေးပါတီလေ” ဟု ၎င်းက ပြောသည်။

အဆိုပါလောင်းကစားဒိုင်များထံမှ ငွေကြေးမည်မျှ တောင်းခံခဲ့သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပေါင်မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်း ကျင်းပနေသည့် နေရာအားလုံးနီးပါးတွင် သွားရောက်တောင်းခံခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပေါင်မြို့နယ်တွင် ဦးဗိုလ်ဝင်း၊ ဦးသန်းခိုင်၊ ဦးစံတင်တို့သည် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြု အနိုင်ရရှိထားသူများဖြစ်သလို ဒေါ်အေးချမ်းမုံမှာလည်း USDP ပါတီကိုယ်စားပြု အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ငွေကြေးတောင်းခံမှုနှင့် ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ အနိုင်ရကိုယ်စားလှယ်လည်း ဖြစ်သည့် နိုင်သန်းရွှေနှင့် USDP တာဝန်ရှိသူများကို MPA က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိ မွန်ပြည်နယ်တွင် စစ်ကော်မရှင်က လောင်းကစားဝိုင်းများကို မြို့နယ်အားလုံး၌ တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ပြုထားသည်။

ယခုအစိုးရသစ် တက်လာပြီးနောက်ပိုင်း လောင်းကစားဝိုင်းများကို တိုက်ဖျက်သွားမည်ဟု အနိုင်ရကိုယ်စားလှယ်များက ကြိန်းဝါးထားသော်လည်း မြေပြင်တွင် လွှတ်တော်ကိုယ်စားလှယ်ကြေးဆိုကာ လောင်းကစားဒိုင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်။

“ဘယ်သူတောင်းမလဲ၊ ခွင့်ပြုပေးထားတဲ့ စစ်တပ်၊ ရဲနဲ့ အုပ်ကြီးတို့ပေါ့။ ဟိုတုန်းက တစ်ဝိုင်း၊ တစ်ခုံကို ၄ သိန်းခွဲ ဒါမှမဟုတ် ၅ သိန်းပေးရတယ်။ အခု ငါးသောင်း၊ ခြောက်သောင်း ထပ်ပေးရတယ်။ သူတို့ပြောတာကတော့ နှုတ်ပိတ်ခ ကိုယ်စားလှယ်တွေအတွက်တဲ့။ တကယ်ပဲ သွားပေးလား၊ မပေးလားဆိုတာတော့ ဘယ်သိမလဲ” ဟု မော်လမြိုင်မြို့တွင် လောင်းကစားဝိုင်း ဖွင့်လှစ်နေသူတစ်ဦးက ပြောသည်။

ယခင်က ရက်ကြီးခါကြီးနေ့များတွင်သာ ပွဲသွင်းလေ့ရှိသည့် မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုနှင့် လောင်းကစားဒိုင်များ လက်ဝါးချင်းရိုက်ကာ ရာသီမရွေး ဇာတ်ပွဲများကျင်းပ၍ လောင်းကစားဝိုင်းများ ထည့်သွင်းလာကြခြင်း ဖြစ်သည်။

အဆိုပါလောင်းကစားဝိုင်းများကို ကျေးလက်ဒေသများ၌သာမက ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်၌ပင် အထင်အရှား ခွင့်ပြုပေးထားခြင်းဖြစ်သည်။

“သူတို့ကို (လွှတ်တော်ကိုယ်စားလှယ်) အားကိုးရမလားလို့ မဲထည့်ထားတာ၊ အခုလို သူတို့ကိုယ်တိုင် ပိုက်ဆံသွားတောင်းနေတာ မဖြစ်သင့်ဘူး။ ဘာပြောလို့ရမလဲ၊ အခန့်မသင့်ရင် ဖမ်းခံရမယ်။ ဒီဖြစ်ရပ် ဟုတ်မှန်တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ ဒါမှမဟုတ် ဒီပုတ်ထဲက ဒီပဲဆိုရင်တော့ နောက်ဆက်တွဲပြဿနာ ပြည်သူတွေပဲ ခံရမှာပေါ့” ဟု လောင်းကစားဝိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်အချို့ ငွေတောင်းခံနေသည့်အပေါ် မော်လမြိုင်မြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

မွန်ပြည်နယ်တွင် လောင်းကစားဝိုင်း ပေါများလာသည့် ကာလသည် ကြံ့ခိုင်ရေးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း ဦးဆောင်ခဲ့သည့် အချိန်ဖြစ်ပြီး ၎င်းကိုယ်တိုင် ခွင့်ပြုမိန့်ပေးထားသည့်အတွက် လူထု၏ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။

စစ်သား၊ ရဲနှင့် စစ်အုပ်စုလက်ဝေခံ ပျူစောထီး၊ ပြည်သူ့စစ်တို့ကပါ အရပ်ဝတ်များဖြင့် လုံခြုံရေးယူပေးထားသော လောင်းကစားဝိုင်းများသို့ လွတ်လပ်စွာ သွားရောက်ကစားနိုင်သော်လည်း၊ ကစားပြီးပြန်လာသော လူငယ်အချို့ မတရားဖမ်းဆီး ငွေညှစ်ခံရခြင်းနှင့် စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။