ယူကရိန်းစစ်ပွဲသည် တရားမျှတသော စစ်ဟု ပူတင်ပြောကြားပြီး နေတိုးအဖွဲ့ကို ဝေဖန်

By BBC

မော်စကိုမြို့ ရဲရင်ပြင်၌ ကျင်းပသည့် နှစ်ပတ်လည် စစ်အောင်ပွဲနေ့ အခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မိန့်ခွန်းပြောကြားခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲနေခြင်းမှာ တရားမျှတသော စစ်ပွဲဖြစ်ကြောင်းနှင့် နေတိုး (Nato) အဖွဲ့သည် ယူကရိန်းကို လက်နက်တပ်ဆင်ပေးကာ နောက်ကွယ်မှ ပံ့ပိုးနေသည့် ရန်လိုသောအင်အားစုဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

ယခုနှစ် စစ်အောင်ပွဲနေ့သည် ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ် ရုရှား၏ အကြီးမားဆုံး အမျိုးသားနေ့ဖြစ်သော်လည်း ယူကရိန်းဘက်မှ တိုက်ခိုက်လာမည်ကို စိုးရိမ်ရသဖြင့် လုံခြုံရေးအရ အခမ်းအနားများကို ယခင်နှစ်များထက် အကျဉ်းချုံး၍သာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနားမတိုင်မီ သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သုံးရက်ကြာ အပစ်အခတ်ရပ်စဲရန် ကြေညာခဲ့ပြီး ရုရှားနှင့် ယူကရိန်းတို့ကလည်း သဘောတူခဲ့ကြသော်လည်း စစ်ရေးပြပွဲအပြီးတွင်မူ ယူကရိန်းဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။

ထူးခြားချက်အနေဖြင့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကိုစစ်ရေးပြပွဲတွင် သံချပ်ကာယာဉ်များနှင့် ဒုံးကျည်များ ထုတ်ဖော်ပြသခြင်း မရှိခဲ့ဘဲ တင်းကျပ်သော လုံခြုံရေးအောက်တွင် စစ်မှုထမ်းများသာ ချီတက်ခဲ့ကြပြီး မြောက်ကိုရီးယားစစ်သားများလည်း ပါဝင်ချီတက်ခဲ့ကြသည်ကို တွေ့ရသည်။

ပူတင်က မိန့်ခွန်းပြောကြားရာတွင် လွန်ခဲ့သော ၄ နှစ်ကျော်ကတည်းက စတင်ခဲ့သည့် ယူကရိန်းစစ်ပွဲကို ဆင်နွှဲနေသော စစ်သားများသည် ယခင်က အောင်ပွဲခံခဲ့သည့် မျိုးဆက်များ၏ စွမ်းဆောင်ရည်ကို အတုယူနေကြခြင်းဖြစ်သလို နိုင်ငံ၏ အနာဂတ်ကို သိပ္ပံပညာရှင်၊ ဆရာဝန်နှင့် ဆရာများအပါအဝင် ပြည်သူများကသာ ဖန်တီးပေးနေခြင်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားဧည့်သည်များအဖြစ် ဘီလာရုဇ်ခေါင်းဆောင် လူကာရှန်ကို၊ မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်နှင့် ဥဇဘက်ကစ္စတန်သမ္မတ မာဇီယိုရက်ဗ်တို့ တက်ရောက်ခဲ့ကြပြီး အီးယူ (EU) ခေါင်းဆောင်များထဲမှ စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို တစ်ဦးတည်းသာ တက်ရောက်ခဲ့သည်။

ယမန်နှစ်က ကျင်းပခဲ့သည့် အနှစ် ၈၀ ပြည့် အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၇ ဦးအထိ တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ တက်ရောက်သည့် ခေါင်းဆောင်အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်ကို တွေ့ရှိရသည်။

သမ္မတ ပူတင်သည် မိန့်ခွန်းပြောကြားပြီးနောက် အမြောက်များ ပစ်ဖောက်၍ စစ်တီးဝိုင်းများဖြင့် ဂုဏ်ပြုခဲ့ကြသလို အခမ်းအနားအပြီးတွင်မူ အမည်မသိစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချခဲ့ပြီး ကရင်မလင်နန်းတော်တွင် ဧည့်ခံပွဲ ကျင်းပခဲ့သည်။

ရုရှားနိုင်ငံ၏ အခြားဒေသများဖြစ်သော ဗလာဒီဗော့စတော့မြို့များတွင်လည်း စစ်အောင်ပွဲနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြသော်လည်း ယခင်နှစ်များထက်စာလျှင် လူဦးရေ လျော့နည်းစွာဖြင့်သာ အကျဉ်းချုံးကျင်းပခဲ့ကြခြင်း ဖြစ်သည်။

စစ်ရေးပြပွဲအတွင်း ရုရှားတိုက်လေယာဉ်များက ကောင်းကင်ယံတွင် ရုရှားနိုင်ငံတော်အလံ အရောင်များအတိုင်း ဆေးရောင်ခြယ်၍ ပျံသန်းပြသခဲ့ကြသလို ရုရှားရုပ်သံကြည့်ရှုသူများကိုလည်း ရှေ့တန်းမှ စစ်သားများ၏ ပုံရိပ်များကို ထုတ်လွှင့်ပြသခဲ့သည်။