အငြိုးတကြီး ပေါ်တာဆွဲနေသော မုံရွာမြို့ပေါ်တွင် လူငယ်များ မနေထိုင်သင့်တော့ဟုဆို

စစ်တပ်က အငြိုးတကြီးပေါ်တာဆွဲနေသော မုံရွာမြို့ပေါ်တွင် လူငယ်များ မနေထိုင်သင့်တော့ ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအတွက် နေ့စဉ် ပေါ်တာဆွဲလျက်ရှိပြီး ကျပ်သိန်းရာချီပေးသည့်တိုင် ပြန်လွတ်ရန် မသေချာသဖြင့် တတ်နိုင်သည့် လူငယ်များအနေနှင့် အခြားဘေးအန္တရာယ်နည်းသည့်မြို့ သို့မဟုတ် တော်လှန်ရေးထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့ နေထိုင်သင့်ကြောင်း မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

“နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မုံရွာကို အငြိုးနဲ့ကို ပေါ်တာဆွဲနေတာ အခုဆို ၂နှစ်တောင်ကျော်ပါပြီ။ နေ့တိုင်းဆွဲတယ်။အခုနောက်ပိုင်း အလုပ်သွား၊အလုပ်ပြန်တင်မကဘူး။အချိန်မရွေး ဆွဲတယ်။အိမ်ပေါ် ထိ တက်ဆွဲတယ်။အဲဒါကြောင့် ဘဝပျက်ခံပြီး ဆက်မနေကြဖို့ တိုက်တွန်းတာ”ဟု ၎င်းက MPAသို့ ပြောသည်။

မေလ၉ရက် ညနေတွင် မုံရွာမြို့၊ကျောက္ကာလမ်းမီးပွိုင့်၊မျိုးဆက်သစ်လျှပ်စစ်ပစ္စည်းဆိုင်ရှေ့တွင် လူငယ် ၁၀ဦး၊ ရွှေဝါရောင်လမ်းနှင့် အေးရိပ်သာလမ်းတွင် ၈ဦးနှင့် အောင်မဟာလမ်းပေါ်တွင် ကား များ ပိတ်ဆို့ပြီး နောက်ထပ်လူငယ် ၅ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲသွားကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Monywa Revolution က ထုတ်ပြန်ထားသည်။

“အခုက စစ်တပ်က စစ်မှုထမ်းလူလိုရင် အိမ်ပေါ်ထိ တက်ဆွဲတာပါ ဖြစ်လာတာ။မေလဆန်းတုန်းက အိမ်ပေါ်တက်ဆွဲတာ။နေရာတိုင်းလိုလို ဆွဲနေတော့တာ ”ဟု မုံရွာမြို့၊ထန်းတောရပ်ကွက်နေ အသက်၆၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မေလဆန်းပိုင်းက မုံရွာတောင်၊ကူးတို့ကုန်းတွင် စစ်တပ်က နေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲခဲ့ရာလူ ငယ်တစ်ဦးပါသွားကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

“ကျနော်တို့ မုံရွာမှာ PDFထိန်းချုပ်နယ်မြေတွေက များတယ်။လက်တစ်ကမ်းပဲ။ တော်လှန်ရေးတွေ ဘာတွေ မလုပ်လည်း အဲဘက်မှာ လူငယ်တွေ သွားနေသင့်တယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက် ကြွ လှုပ်ရှားသူက ပြောသည်။

မုံရွာမြို့ပေါ်တွင် စစ်တပ်က နေ့စဉ်ပေါ်တာဆွဲလျက်ရှိရာ တော်လှန်ရေးသတင်းပေ့ချ်များ၌ ဖော်ပြ ထားသည်ထက် ပိုများနိုင်ကြောင်း ၎င်းက ဆိုသည်။
စာတည်း-ML