UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျော့ရှူအာဗန် (Joshua Van) နှင့် စိန်ခေါ်သူ တက်ဆူရိုတိုင်ရာ (Tatsuro Taira) တို့၏ ပွဲစဉ်သည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ယင်းပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များမှာ ပရိသတ်များအကြား စိတ်ဝင်စားဖွယ် ဆက်လက် တည်ရှိနေသည်။
ပွဲရပ်လိုက်သည့်အပေါ် တက်ဆူရိုတိုင်ရာက ကြိုးဝိုင်းဒိုင် Vitor Ribeiro ကို စောဒကတက်ခဲ့သော်လည်း ဒိုင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့သည်။
ထိချက်ချင်း သိသိသာသာ ကွာခြားနေသည့်အပြင် ဆက်လက် ယှဉ်ပြိုင်စေပါက ရှုံးနိမ့်သူအတွက် ဒဏ်ရာ ပြင်းထန်သွားနိုင်သည့် အခြေအနေကို ကြိုးဝိုင်းဒိုင်က ကျွမ်းကျင်စွာ ထိန်းသိမ်းပေးခဲ့ခြင်း ဖြစ်သည်။
စာရင်းဇယားများအရ ဂျော့ရှူအာဗန်၏ တိုက်စစ်ဆင်မှုမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ပွဲစဉ်တစ်လျှောက်လုံးတွင် ၎င်း၏ ခြေကန်ချက်၊ လက်သီး၊ ဒူးနှင့် တံတောင် စုစုပေါင်း ထိချက်မှာ (၁၃၁) ချက်အထိ ရှိခဲ့သည်။
ယင်းထိချက်များအနက် လက်သီးချက်ပေါင်း (၁၁၈) ချက်မှာ တိုင်ရာ၏ မျက်နှာသို့ တည့်တည့်မတ်မတ် ထိမှန်ခဲ့ခြင်း ဖြစ်ပြီး ဤကဲ့သို့ မျက်နှာသို့ ထိချက် (၁၀၀) ကျော်ရှိခဲ့ခြင်းကြောင့်လည်း တိုင်ရာ၏ မျက်နှာတွင် စုတ်ပြတ်ကွဲပြဲသည့် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ အကြိတ်အနယ်ရှိလှသည့် စွမ်းဆောင်ရည်များကြောင့် UFC အကြီးအကဲများက အဆိုပါပွဲစဉ်ကို အကောင်းဆုံးတွဲဆိုင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။
ထို့ကြောင့် ကစားသမားနှစ်ဦးစလုံးသည် အပိုဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁) သိန်းစီ ထပ်မံရရှိခဲ့ကြသည်။
ယခင်က ဂျော့ရှူအာဗန်သည် Alexandre Pantoja ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာခဲ့သော်လည်း ပရိသတ်အချို့က ၎င်းကို စစ်မှန်သည့် ချန်ပီယံမဟုတ်ဟု ဝေဖန်ခဲ့ကြသော်လည်း ယခုပွဲတွင် ပြသခဲ့သည့် အံ့မခန်း စွမ်းဆောင်ရည်များကြောင့် ယင်းဝေဖန်သံများကို အပြီးတိုင် ရပ်တန့်စေခဲ့ပြီး ၎င်း၏ အရည်အချင်းကို ကမ္ဘာက အသိအမှတ်ပြုလာခဲ့ရသည်။
လက်ရှိ ဖလိုင်းဝိတ်တန်းတွင် ဂျော့ရှူအာဗန်ကို ယှဉ်ထိုးနိုင်မည့် ပြိုင်ဘက်မှာ ရှားပါးလှသည်ဟု ဆိုရမည်ဖြစ်ပြီး ၎င်း၏ လက်သီးအင်အားနှင့် နည်းစနစ်ပိုင်းများ ယခုထက် ပိုမိုတိုးတက်လာပါက ပြိုင်ဘက်ကင်းသည့် ဖိုက်တာတစ်ဦး ဖြစ်လာနိုင်သည်။
