စစ်တပ်နှင့် ပူးပေါင်းပြီး အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အာရက္ခတပ်တော်(AA) ကြောင့် ရခိုင်ပြည်သူများဘ၀ ပျက်စီးနေဟု စစ်တပ်လော်ဘီသတင်းဌာန သူရိယနေဝန်းသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
ဒေါက်တာအေးမောင်က AA ၏ Confederate (ကွန်ဖယ်ထရိတ်) အိပ်မက်များကြောင့် သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် အမ်းဒေသရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး လူထုတစ်ရပ်လုံး စစ်ပန်းနေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် AA အနေဖြင့် နယ်မြေအချို့ သိမ်းပိုက်နိုင်သော်လည်း အုပ်ချုပ်ရေးယန္တရား မဖော်ဆောင်နိုင်ဘဲ စစ်သားသစ်များကိုသာ အတင်းအဓမ္မ စုဆောင်းနေသည်ဟု ဒေါက်တာအေးမောင်က စွပ်စွဲထားသည်။
ယင်းအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒေါက်တာအေးမောင်ရဲ့ ပြောဆိုချက်တွေဟာ လက်ရှိ ရခိုင်ပြည်သူတွေ လိုလားနေတဲ့ အမျိုးသားရေး ဦးတည်ချက်ကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ AA ကြောင့်မဟုတ်ဘဲ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ဖြစ်တယ်ဆိုတာကို သူ တမင်ဖုံးကွယ်ထားတာပါ” ဟု သုံးသပ်သည်။
ထို့ပြင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၁၇၈၄ ခုနှစ်မတိုင်ခင် အခြေအနေသို့ ပြန်သွားချင်သည်ဟု ပြောဆိုခြင်းမှာ လက်တွေ့မကျကြောင်း ဒေါက်တာအေးမောင်က ဝေဖန်ခဲ့သေးသည်။
တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒါဟာ ရခိုင်လူထုရဲ့ သမိုင်းဝင် တရားမျှတမှုကို တောင်းဆိုတာပါ။ ဒေါက်တာအေးမောင်ဟာ စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကိုပဲ အသားပေးပြောနေတာက သူ ဘယ်ဘက်မှာ ရပ်နေသလဲဆိုတာ ပြနေတာပဲ” ဟု တုံ့ပြန်သည်။
ထို့ပြင် ဒေါက်တာအေးမောင်က မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ဆက်ဆံရေး ပြိုပျက်နေပြီဟုလည်း သူရိယနေဝန်း အင်တာဗျူး၌ စစ်ကော်မရှင် အလိုကျ ဝါဒဖြန့် ဖြေကြားခဲ့သည်။
ယင်းအပြင် AA အနေဖြင့် မြို့နယ်အများအပြားကို ထိန်းချုပ်ထားနိုင်သော်လည်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို မသိမ်းနိုင်သေးခြင်းမှာ AA ၏ ရည်မှန်းချက်များ ရပ်တန့်နေခြင်းကို ပြနေသည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ရခိုင်တက်ကြွလှုပ်ရှားသူတစ်ဦးက “လူထုက စစ်ကို ငြီးငွေ့တာ မှန်ပေမဲ့ AA ရဲ့ အာရက္ခအိပ်မက်ကို စွန့်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။ ဒေါက်တာအေးမောင်ဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခကို အသုံးချပြီး AA ကို နိုင်ငံရေးအရ အကြပ်ကိုင်ဖို့ ကြိုးစားနေတာပါ။ AA ကို စစ်သားစုဆောင်းတယ်လို့ ဝေဖန်နေပေမဲ့ စစ်ကော်မရှင် ရခိုင်လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာကိုတော့ သူ ဘာမှမပြောရဲဘူး” ဟု ထောက်ပြသည်။
ထို့ပြင် ဒေါက်တာအေးမောင်က စစ်ကော်မရှင်၏ စစ်ရေးဖိအားများကြောင့် AA အနေဖြင့် နိုင်ငံရေးစားပွဲ၀ိုင်းသို့ ရောက်လာလိမ့်မည်ဟု လည်း အင်တာဗျူး၌ ပြောကြားထားသည်။
စာတည်း-ကိုဆန်း
